အရပ်ဘက်အဖွဲ့များနှင့် ရှမ်းပြည်နယ်လွှတ်တော်တို့ အပြောင်းအလဲ မျှော်မှန်းချက်

အရပ်ဘက်အဖွဲ့များနှင့် ရှမ်းပြည်နယ်လွှတ်တော်တို့ အပြောင်းအလဲ မျှော်မှန်းချက်
ဇွန် 13, 2017
By Tachileik News Agency

ရှမ်းပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကြား ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲအား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇွန်လ (၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့များတွင် ကျင်းပ ဆွေးနွေးကြသည်။

ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများ ပါဝင်ဆွေးနွေးမှုအားကောင်းသည့် ရှမ်းပြည်နယ်လွှတ်တော် ဖြစ်စေရေးအတွက် ပြည်နယ်တွင်း အရပ်ဘက်ဖွဲ့အစည်းများအနေဖြင့် လွှတ်တော်၏ လုပ်ဆောင် ချက်များအား သိရှိနားလည်စေရန်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရပ်ဘက် အဖွဲ့များမှတဆင့် ပြည်သူ့အသံရယူဆောင်ရွက်ရေး အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအား အဆိုပါနှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၁၈၀)ခန့် တက်ရောက်ခဲ့ကြသည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲအပြီး လာမည့် ပြည်နယ် လွှတ်တော် အစည်းအဝေးများ လက်ရှိအခြေအနေမှ အပြောင်းအလဲဖြစ်လာမည့်အပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ မျှော်မှန်းချက် များအား စုစည်း ဖေါ်ပြပေးခြင်းဖြစ်ပါသည်။

သတင်း/ဓာတ်ပုံ - နိုနို

ဦးကိန်မိုင် 
 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
မူဆယ်မဲဆန္ဒနယ်အမှတ်(၂) 

"ဒီလိုဆွေးနွေးမှုတွေ ပြုလုပ်လိုက်တာ ရလဒ်ကတော့ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ တော်တော် များများ အချို့မြို့နယ်တွေမှာဆိုရင် ဆွေးနွေးမှုတွေမှာ အရမ်းကောင်းပါတယ်။ ရလာမယ့် အကျိုးတွေကလည်း အရင် ထက်ပိုပြီးတော့ ကောင်းလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာကလည်း အားလုံး အကုန်မသိ နိုင်ပါဘူး။ နေရာတိုင်းမှာ သိနိုင်အောင် ပူးပေါင်း ဆောင်ရွက် သွားနိုင်တာ အကောင်းဆုံးပါ။ အပြောင်းအလဲအနေနဲ့ ကတော့ သိပ်ပြီးပြောင်းလဲမှာတော့ မဟုတ်ပါဘူး။ သေချာတာကတော့ အပေါင်းလက္ခဏာ ဆောင်တာပါ။

******************
ဦးအေးမင်းစိုး 
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ရွာငံမဲဆန္ဒနယ်အမှတ်(၁)

"လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကတော့ CSO တွေ ပူးပေါင်းလာရင် ပြည်သူလူထုအတွက် အများကြီး ကောင်းလာမှာပါ။ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်လာမှာပါ။ ရှေ့လာမယ့် လွှတ်တော်မှာလည်း CSO တွေအနေနဲ့ ကတော့ ပိုပြီးတော့ ကြိုးစားရပါဦးမယ်။ ကျွန်တော်တို့အနေနဲ့ ပေါင်းစပ်မှုကလည်း အားနည်း နေပါသေးတယ်။ အားရကျေနပ်မှုကတော့ သိပ်မရှိသေးပါဘူး။ ကျွန်တော်တို့တွေနဲ့ အရပ်ဘက် အဖွဲ့တွေကတော့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီတွေပါ။

******************
ဒေါ်နန်းကောင်ခမ်း
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
မိုင်းရှူးမဲဆန္ဒနယ်အမှတ်(၁)

"ပထမဆုံးအကြိမ်ကတည်းက ဒီလိုရှိခဲ့မယ်ဆိုရင် ပိုပြီးတော့ အောင်မြင်မှာပါ။ နောက်ထပ်လည်း တွေ့ဆုံမှုတွေ အများကြီး လုပ်သင့်ပါတယ်။ ရှေ့ဆက်ဖြစ်လာမယ့် လွှတ်တော် အစီအစဉ်တွေမှာလည်း ပိုပြီးတော့ ပြည့်စုံပြီး အောင်မြင်လာမယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ ကိုယ်စားလှယ်တွေလည်း မသိသေးတဲ့ ကိစ္စတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်း ကွင်းဆင်းတာတွေ၊ တွေ့ဆုံမှုတွေ လုပ်ရင်တော့ ပိုပြီး ကောင်းတဲ့ ပြည်သူတွေ အတွက် အကျိုး ရလဒ်ကောင်းတွေ ရလာမှာပါ။

******************
ဦးအောင်ထွဏ်း
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
နမ့်ဆန်မဲဆန္ဒနယ်အမှတ်(၂) 

"လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက ပံ့ပိုးပေးတဲ့လူရှိမှပဲ သူ့လုပ်ငန်းက ပိုပြီးတော့ အောင်မြင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှေ့မှာ အလုပ်လုပ်ပြီးတော့ နောက်မှာကြည့်ပေးမယ့်လူဆိုတာ မရှိမဖြစ်ပါ။ ကိုယ်မသိ တာတွေ သတိမထားမိတာလေးတွေကို CSO အဖွဲ့အစည်းကနေ ပံ့ပိုးပေးတဲ့အခါမှာ ပိုပြီးတော့ အောင်မြင်မယ်။ လုပ်ငန်းလစ်ဟာမှုတွေ မရှိတော့ဘူး။ လုပ်ငန်းချိတ်ဆက်နိုင်တယ်။ အကျိုး ရလဒ်တွေကလည်း ခါတိုင်းထက် ပိုပြီးတော့ ကောင်းလာနိုင်တယ်။ တစ်ယောက်တည်း လုပ်မယ့်အစား အခုအရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်လာရင်တော့ ပိုပြီးအောင်မြင်လာမှာပါ။

******************
ဦးစိုင်းဝန်းစံ
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
နမ့်ခမ်းမဲဆန္ဒနယ်အမှတ်(၁) 

ဒီလိုပူးပေါင်းဆောင်ရွက်တာက ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ရလဒ်တစ်ခု ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အောင်မြင်မယ်လို့လည်း ကျွန်တော်ထင်တယ်။ အားရကျေနပ်မှုလည်း ရှိတယ်။ ရှမ်းပြည်နယ် လူထုအားလုံး ပူးပေါင်းတာကတော့ အရမ်းကောင်းပါတယ်။

******************
ဦးသန်းထိုက်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ကလောမဲဆန္ဒနယ်အမှတ်(၂)

ဒီလိုပူးပေါင်းလုပ်ဆောင်မှုက စောစောကတည်းက လုပ်သင့်တဲ့အလုပ်ပါ။ ကျွန်တော်တို့ UNDP ကိုလည်း အစောပိုင်းကတည်းက တိုက်တွန်းထားတဲ့ အချက်ပါ။ ဒါမှလည်း ကျွန်တော်တို့ မှန်မှန်ကန်ကန် ပူးပေါင်းဆောင် ရွက်သွားမယ်ဆိုရင် ပြည်သူတွေအတွက် အများကြီး အကျိုးရှိမယ့် ရလဒ်တစ်ခုပါ။ CSO အဖွဲ့တွေကို ပြောချင်တာကတော့ ကိုယ်တာဝန်ယူရမယ့်မြို့တွေမှာ ဘယ်အရာကို အထူးပြုပြီးမှ ဘယ်ကဏ္ဍတွေ လုပ်မလဲဆိုတာတွေကို အထူးပြုတဲ့ ကဏ္ဍအလိုက် သက်ဆိုင်တဲ့ ကော်မတီကို ချိတ်ဆက်ရင် ပိုပြီးတော့ ဆီလျော်မယ်လို့ ထင်ပါတယ်။

******************
ဦးခိုင်ညီညီကျော်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် 
ရပ်စောက်မဲဆန္ဒနယ်အမှတ်(၁) 

"အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရှမ်းပြည်နယ်လွှတ်တော် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဒါက ပထမဆုံး ခြေလှမ်းပါ။ ဒီလိုပွဲကနေစပြီးတော့ နောင်မှာလည်း ဒီလိုစဉ်ဆက်မပြတ်တွေ့ဆုံမှ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လို့ရမယ်။ ရှေ့လုပ်ငန်းစဉ်မှာ ဘယ်လိုတွေထွက်လာမလဲဆိုတာတွေက ပြောလို့မရသေးပါဘူး။ အဖွဲ့လိုက် ဆွေးနွေးတာလေးတွေကလည်း တစ်ချို့ဟာလေးတွေကလည်း ကောင်းပါတယ်။ အရင်ထက်စာရင်တော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပိုပြီး နီးနီးစပ်စပ်ရှိလာနိုင်ပါတယ်။ အရင်တုန်းကဆိုရင် ကိုယ့်မြို့နယ်မှာ အရပ်ဘက်အဖွဲ့အစည်း ဘယ်နှစ်ခုရှိတယ်။ ဘယ်လိုပူးပေါင်းပြီးတော့ လုပ်ဆောင်မလဲဆိုတဲ့ဟာတွေက အချိတ်အဆက် မရှိဖြစ်နေတယ်။ အခုဒီမှာတွေ့ဆုံမှုတွေ လုပ်လိုက်တော့ အရပ်ဘက် အဖွဲ့အစည်းမှာလည်း ပြည်နယ်မှာဆိုရင် ကော်မတီတစ်ခုရှိတယ်။ ရှမ်းသုံးရှမ်း (ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)လုံးမှာ သီးခြားရှိတယ်။ အဲဒီကနေတစ်ဆင့်ပြီးတစ်ဆင့် အလုပ် အမှုဆောင်လေးတွေ ဖွဲ့စည်းထားတာရှိတယ်။ အဲဒီ ကော်မတီတွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်အားယူပြီး မဲဆန္ဒနယ်မြေတွေ ကွင်းဆင်းရင် သူတို့ကိုဖိတ်ခေါ်၊ အကြံဥာဏ် ရယူသင့်တဲ့ ကိစ္စတွေကို ပူးပေါင်းပြီးတော့ လုပ်ဆောင်ရင်တော့ ကိုယ်ဒေသအကျိုးတွေ ပိုပြီးတော့ လုပ်ဆောင် နိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်လိုတာ ကျွန်တော့်စိတ်ထဲမှာ ရှိပြီးသားပါ။ ဒီလိုစဉ်ဆက်မပြတ် တွေ့ဆုံပွဲတွေလုပ်ရင်တော့ အားလုံးပိုပြီးအကျိုးရှိတဲ့ လုပ်ရပ်တွေ ပေါ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။

******************
ကိုဝင့်ထယ်ကောင်းမြတ် - အရပ်ဘက်အဖွဲ့အစည်း
ရှမ်းပြည်နယ်ငြိမ်းချမ်းရေးအလုပ်အဖွဲ့(တောင်ကြီး)

ဒီထက်ပိုပြီးတော့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် ဒေသအသံတွေလည်း ပါလာရင်တော့ ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်လာနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ပူးပေါင်းနိုင်ခြင်းအားဖြင့် ဒေသရဲ့ စစ်မှန်တဲ့ အသံတွေကိုလည်း CSO တွေက သယ်ဆောင်လာမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဒေသ အကြောင်းအရာတွေ တင်ပြခြင်းအားဖြင့် လူထုကိုကိုယ်စားပြုတဲ့ အသံတွေရှိလာနိုင်မယ်။ သတင်း အချက်အလက်တွေလည်း ပိုပြီး မှန်ကန်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒေသမှာရှိတဲ့ အကြောင်းအရာတွေကို ဘယ်လိုပေါင်းစည်းကြမလဲ၊ နောက်ပိုင်း ဒီထက်ပိုပြီး ပူးပေါင်းမှုတွေ လုပ်လာရင်တော့ ဒီထက်ကောင်းမွန်တဲ့ရလဒ်ရလာမှာပါ။

******************
ဦးအောင်ဇေ - အရပ်ဘက်လူမှုအဖွဲ့အစည်း 
Director - Justic Drum (တောင်ကြီး)

ကျွန်တော်တို့ လမ်းပေါက်လေးတွေ ပွင့်လာတယ်လို့ ခံစားရပါတယ်။ နောက်နောင်ဆိုရင်လည်း လွှတ်တော်အမတ်တွေကလည်း အရပ်ဘက်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ချင်ကြပါတယ်။ လွှတ်တော်ထဲကို လူထုအသံတွေ ရောက်ဖို့ဆိုတာက ကျွန်တော်တို့ချိတ်ဆက်မှရမယ်။ လက်တွေ့တော့ အကောင်အထည်မဖော် သေးဘူးဆိုပေမဲ့ ဒီဆွေးနွေးမှုမှာ အားရကျေနပ်မှုရှိပါတယ်။ လွှတ်တော်မှာက သူတို့ရဲ့ မူဘောင်တွေရှိတယ်ဆို တာကိုလည်း ကျွန်တော်တို့ သိလိုက်ရပါတယ်။

******************

 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~