ရွမ္းျပည္နယ္၏ ပထမဆံုးခရိုင္မီးသတ္စခန္းအျဖစ္ က်ဳိင္းတံုခရိုင္မီးသတ္စခန္းအား စတင္ဖြင့္လွစ္

ရွမ္းျပည္နယ္၏ ပထမဆံုးခရိုင္မီးသတ္စခန္းအျဖစ္ က်ဳိင္းတံုခရိုင္မီးသတ္စခန္းအား စတင္ဖြင့္လွစ္
မေ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ရွမ္းျပည္နယ္၏ ပထမဆံုး ခရိုင္မီးသတ္စခန္းအျဖစ္ က်ဳိင္းတံုခရိုင္ မီးသတ္စခန္း အေဆာက္အဦသစ္ဖြင့္ပြဲအား ေမလ(၂၇)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္မ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးတို႔မွ တက္ေရာက္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္ အစိုးရအေနနဲ ့ ရွမ္းျပည္နယ္ အတြင္းမွာရိွတဲ့ ခရိုင္၊ ၿမိဳ ့နယ္၊ ရပ္ကြက္/ေက်းရြာမ်ားရဲ႕ မီးေဘးလုံၿခဳံေရးနဲ ့ သဘာ၀ေဘးအႏၱရာယ္ တားဆီးကာကြယ္ေရးတို ့ကို ထိေရာက္စြာ ေဆာင္ရြက္ႏိုင္ဖို ့ ဘ႑ာေရးႏွစ္အလိုက္ မီးသတ္စခန္းမ်ား တည္ေဆာက္ေပးျခင္း၊ မီးသတ္ေရယာဥ္မ်ားႏွင့္ ေခတ္မီ မီးသတ္ပစၥည္း ကိရိယာမ်ားကို ႏွစ္စဥ္ျဖည့္တင္းေပးလွ်က္ရိွတဲ့အထဲက ဒီေန ့ဖြင့္လွစ္တဲ့ က်ိဳင္းတုံခရိုင္ မီးသတ္စခန္းဟာ ရွမ္းျပည္နယ္မွာ ပထမဆုံးအႀကိမ္ ေဆာက္လုပ္ခဲ့တဲ့ မီးသတ္စခန္း ျဖစ္ပါတယ္။"ဟု ရွမ္းျပည္နယ္ မီးသတ္ဦးစီးမွဴး ရဲသူရိန္တင္မင္းက ေျပာသည္။

က်ဳိင္းတံုခရိုင္မီးသတ္စခန္းအား ရွမ္းျပည္နယ္ အစိုးရအဖြဲ ့၀င္မ်ားျဖစ္ၾကသည့္ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီး ဗိုလ္မွဴးႀကီး စိုးမိုးေအာင္၊ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံစိုင္း၊ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ၾကီး ဦးစိုုင္းလုံေက်ာ္၊ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံႏွင့္ ရွမ္းျပည္နယ္ မီးသတ္ဦးစီးမွဴး ရဲသူရိန္တင္မင္းတို ့က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ၿပီး ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ၾတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးတို ့မွ ခရိုင္မီးသတ္ အေဆာက္အအုံ ဆိုင္းဘုတ္အား စက္ခလုပ္ႏွိပ္ ဖြင့္လွစ္ေပးခဲ့ျပီး ၀န္ၾကီးခ်ဳပ္နွင့္ အဖြဲ ့မွ အေဆာက္အအုံ အသစ္အား လွည့္လည္ၾကည့္ရႈ စစ္ေဆးခဲ့ၾကသည္။

အဆိုပါ ခရိုင္မီးသတ္စခန္းမွာ အမွတ္(၄) တိုးခ်ဲ႕ရပ္ကြက္ရိွ ေျမ(၂)ဧက ေပၚတြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ ့ မွ (၂၀၁၆-၂၀၁၇) ဘ႑ာႏွစ္ ခြင့္ျပဳရန္ပုံေငြ က်ပ္(၃၂၇.၁၈၇)သန္းျဖင့္ အိပ္မက္ရြာ ေဆာက္လုပ္ေရး ကုမၸဏီမွ တာ၀န္ယူ၍ တည္ေဆာက္ခဲ့ျခင္း ျဖစ္ၿပီး ခရိုင္မီးသတ္စခန္းမွာ အလ်ား(၁၂၀)ေပ၊ အနံ(၅၂)ေပ၊ အျမင့္(၂၆)ေပရိွသည့္ သံကူကြန္ကရစ္(၂)ထပ္ အမ်ိဳးအစားျဖစ္ၿပီး မီးသတ္ယာဥ္မ်ား လြယ္ကူစြာ သြားလာနိုင္ရန္ႏွင့္ စခန္းေရရွည္ တည္တံ့ႏိုင္ရန္ အတြက္ အလ်ား(၁၁၃)ေပ၊ အနံ(၆၀)ႏွင့္ အျမင့္(၇)ေပရိွသည့္ ေျမထိန္းနံရံ ေက်ာက္စီျခင္းႏွင့္ (၅၁၃၂၀)ကုဗေပ ေျမဖို ့ျခင္း လုပ္ငန္းတို ့ကိုလည္း ေဆာင္ရြက္ထားရိွသည့္အျပင္ မီးသတ္စခန္းအတြင္းတြင္ က်ပ္(၁၈၀.၃၂)သန္း အကုန္အက်ခံ၍ ေလးခန္းတြဲ ၀န္ထမ္းအိမ္ရာကိုလည္း ေဆာက္လုပ္ထားရိွေၾကာင္း သိရသည္။

က်ဳိင္းတံုခရိုင္ႏွင့္ၿမိဳ႕နယ္ မီးသတ္စခန္းႏွစ္ခုမွ မီးသတ္တပ္ဖြဲ ့၀င္(၉၇)ဦး၊ မီးသတ္ယာဥ္(၁၄)စီး၊ ရွာေဖြ ကယ္ဆယ္ေရးယာဥ္ (၁)စီးႏွင့္ လူနာတင္ယာဥ္္(၁)စီးတို ့ျဖင့္ တာ၀န္ထမ္းေဆာင္လ်က္ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရှမ်းပြည်နယ်၏ ပထမဆုံး ခရိုင်မီးသတ်စခန်းအဖြစ် ကျိုင်းတုံခရိုင် မီးသတ်စခန်း အဆောက်အဦသစ်ဖွင့်ပွဲအား မေလ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

"ရှမ်းပြည်နယ် အစိုးရအနေနဲ့ ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများရဲ့ မီးဘေးလုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ဘဏ္ဍာရေးနှစ်အလိုက် မီးသတ်စခန်းများ တည်ဆောက်ပေးခြင်း၊ မီးသတ်ရေယာဉ်များနှင့် ခေတ်မီ မီးသတ်ပစ္စည်း ကိရိယာများကို နှစ်စဉ်ဖြည့်တင်းပေးလျှက်ရှိတဲ့အထဲက ဒီနေ့ဖွင့်လှစ်တဲ့ ကျိုင်းတုံခရိုင် မီးသတ်စခန်းဟာ ရှမ်းပြည်နယ်မှာ ပထမဆုံးအကြိမ် ဆောက်လုပ်ခဲ့တဲ့ မီးသတ်စခန်း ဖြစ်ပါတယ်။"ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူး ရဲသူရိန်တင်မင်းက ပြောသည်။

ကျိုင်းတုံခရိုင်မီးသတ်စခန်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူး ရဲသူရိန်တင်မင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးတို့မှ ခရိုင်မီးသတ် အဆောက်အအုံ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့မှ အဆောက်အအုံ အသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ခရိုင်မီးသတ်စခန်းမှာ အမှတ်(၄) တိုးချဲ့ရပ်ကွက်ရှိ မြေ(၂)ဧက ပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ မှ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၃၂၇.၁၈၇)သန်းဖြင့် အိပ်မက်ရွာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ခရိုင်မီးသတ်စခန်းမှာ အလျား(၁၂၀)ပေ၊ အနံ(၅၂)ပေ၊ အမြင့်(၂၆)ပေရှိသည့် သံကူကွန်ကရစ်(၂)ထပ် အမျိုးအစားဖြစ်ပြီး မီးသတ်ယာဉ်များ လွယ်ကူစွာ သွားလာနိုင်ရန်နှင့် စခန်းရေရှည် တည်တံ့နိုင်ရန် အတွက် အလျား(၁၁၃)ပေ၊ အနံ(၆၀)နှင့် အမြင့်(၇)ပေရှိသည့် မြေထိန်းနံရံ ကျောက်စီခြင်းနှင့် (၅၁၃၂၀)ကုဗပေ မြေဖို့ခြင်း လုပ်ငန်းတို့ကိုလည်း ဆောင်ရွက်ထားရှိသည့်အပြင် မီးသတ်စခန်းအတွင်းတွင် ကျပ်(၁၈၀.၃၂)သန်း အကုန်အကျခံ၍ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာကိုလည်း ဆောက်လုပ်ထားရှိကြောင်း သိရသည်။

ကျိုင်းတုံခရိုင်နှင့်မြို့နယ် မီးသတ်စခန်းနှစ်ခုမှ မီးသတ်တပ်ဖွဲ့ဝင်(၉၇)ဦး၊ မီးသတ်ယာဉ်(၁၄)စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ် (၁)စီးနှင့် လူနာတင်ယာဉ်(၁)စီးတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~