မူးယစ္ဆူပူေနသူကို ထိန္းသိမ္းရာတြင္ က်ဥ္စက္ အသံုးျပဳသည့္ ရဲတပ္ဖြဲ႔၀င္အား စံုခံုဖဲြ႔ စစ္ေဆးမည္

မူးယစ္ဆူပူေနသူကို ထိန္းသိမ္းရာတြင္ က်ဥ္စက္ အသံုးျပဳသည့္ ရဲတပ္ဖြဲ႔၀င္အား စံုခံုဖဲြ႔ စစ္ေဆးမည္
ဧပြီ 2, 2017
By Tachileik News Agency
မေကြးတုိင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ ေရႊစက္ေတာ္ဘုရားပဲြေတာ္၌ မူးယစ္ဆူပူေနသူကို ရဲတပ္ဖြဲ႕က ထိန္းသိမ္းရာတြင္ က်ဥ္စက္ကို အသံုးျပဳျခင္းေႀကာင့္ ထိန္းသိမ္းခံရသူ ဒဏ္ရာရရိွသည္ဟုဆိုကာ အမႈဖြင့္ သျဖင့္ ရဲတပ္ဖြဲ႕ဝင္အား ရဲစည္းကမ္း ဥပေဒအရ စံုခံုဖဲြ႔စစ္ေဆးမႈ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ေရႊစက္ေတာ္ ရဲကင္းစခန္းမွ သိရသည္။
ေရႊစက္ေတာ္ဘုရားပဲြေတာ္ ေသာင္ျပင္ေစ်း၌ မတ္လ ၃၀ ရက္ေန႔ ညေနပိုင္းက လူတစ္ဦး မူးယစ္ရမ္းကား ေနေၾကာင္း ေရႊစက္ေတာ္ဘုရား ရဲကင္းစခန္းသို႔ လာေရာက္ တိုင္တန္းသျဖင္႔ ရဲတပ္ဖြဲ႕က သြားေရာက္ ထိန္းသိမ္းရာတြင္ မူးယစ္ ဆူပူေနသူအား ရဲတပ္သား တစ္ဦးက က်ဥ္စက္ႏွင္႔တို႔ျခင္း၊ က်ဥ္စက္ႏွင္႔ ထုျခင္းျပဳလုပ္၍ ဒဏ္ရာျပင္းထန္စြာ ရသည့္အတြက္ ရဲတပ္သားအား စစ္ေဆး အေရးယူေပးရန္ဟု ဆိုကာ အမႈဖြင့္ တိုင္ၾကားလာျခင္းျဖစ္ေၾကာင္း ေရႊစက္ေတာ္ရဲကင္းစခန္းမွဴးထံမွ သိရသည္။
“ေရႊစက္ေတာ္ ေစ်းသည္တစ္ဦးျဖစ္တဲ႔ ေဒၚေကသီ စခန္းကို ေရာက္လာၿပီး ေက်ာ္ဇင္ႏိုင္ဆိုသူက အရက္မူးၿပီး ေအာ္ဟစ္ ဆူပူေနတဲ႔အျပင္ ျခင္းလံုးခတ္ၿပီး သူ႔အခန္းနံရံကို တမင္ ထိမွန္ေအာင္လုပ္ေနတဲ႔ အတြက္ တားဆီးေပးဖို႔ တိုင္တန္းတာေၾကာင္႔ ဒုရဲအုပ္တစ္ဦး ပါဝင္တဲ႔ ရဲတပ္ဖဲြ႔ဝင္ (၉)ဦးကို ထိန္းသိမ္း ေခၚေဆာင္ဖို႔ လႊက္တာမွာ တစ္ဖက္က ဆဲဆိုကန္ေက်ာက္တာေတြ လုပ္တာေၾကာင္႔ ရဲတပ္သား သန္းဝင္းက ပါလာတဲ႔ က်ဥ္စက္ဖင္နဲ႔ ထုလိုက္လို႔ ေသြးထြက္ ဒဏ္ရာရရိွသြားတာပါ”ဟုေရႊစက္ေတာ္ရဲကင္းမွ စခန္းမွဴးရဲအုပ္သက္ႏုိင္ဦးက  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ယင္းျဖစ္စဥ္ေၾကာင္႔ မူးယစ္ဆူပူေနသူ ေက်ာ္ဇင္ႏိုင္တြင္ ေပါက္ၿပဲေသြးထြက္ဒဏ္ရာမ်ားရရိွကာ သတိလစ္သြားသျဖင္႔ မင္းဘူးေဆးရံုသို႔ ပို႔ေဆာင္၍ ေဆးကုသမႈခံယူေစခဲ႔ၿပီး ထိုေန႔ညမွာပင္ မင္းဘူးေဆးရံုမွ မေကြးေဆးရံုသို႔ လႊဲေျပာင္း ေဆးကုသမႈ ခံယူေစခဲ႔ေၾကာင္း ေက်ာ္ဇင္ႏုိင္၏ ဦးေလး ေတာ္စပ္သူ ဦးေနဝင္းက ဆိုသည္။
“သူ႔အေဖ က်န္းမာေရးေဆးကုသဖို႔ အခက္အခဲ ရိွေနလို႔ စိတ္ညစ္ၿပီး အရက္ေသာက္ မူးယစ္ဆူပူေနတာ မွန္ေပမယ့္ သူတို႔ အခန္းထဲမွာပဲ သူ႔အေမနဲ႔ စကားမ်ားေနတာပါ။ ဘယ္သူ႔ကိုမွ ဘာလုပ္မယ္ဆိုၿပီး တုတ္ကိုင္ ဓားကိုင္တာေတြ မရိွတဲ႔ ကေလးကို ရဲေတြက အခုလို ဝိုင္းဝန္းဖမ္းခ်ဳပ္ ထိုးႀကိတ္ၿပီး က်ဥ္စက္နဲ႔ တို႔တာေတြ ေဆာင္႔ထိုးတာေတြအထိ လုပ္တာေတာ႔ လံုးဝ မျဖစ္သင္႔ပါဘူး”ဟု ဦးေလးေတာ္စပ္သူ ဦးေနဝင္းက ေျပာသည္။
မူးယစ္ဆူပူေနသူအား ထိန္းသိမ္းရန္လာသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ယူနီေဖာင္း မပါဘဲေရာက္လာရာ ေက်ာ္ဇင္ႏုိင္က ၎အား ဖမ္းဆီးလိုပါက ယူနီေဖာင္းပါသည့္ ရဲမ်ားျဖစ္ရန္ လိုသည္ဟုေျပာဆိုသျဖင့္ ယူနီေဖာင္းဝတ္ထားသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္လာရာတြင္ ရဲတပ္သားတစ္ဦးက က်ဥ္စက္ အသံုးျပဳခဲ့ျခင္းျဖစ္ေၾကာင္း အဆိိုပါ ျဖစ္ရပ္အား မ်က္ျမင္ေတြ႕ရသူမ်ားဟုဆိုသည့္ ကိုၿဖိဳးေဝ၊ ကိုစိုးမင္းႏိုင္၊ မေလးေလးႏြယ္ တို႔က ဆိုသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရဲတပ္သားသန္းဝင္းအား မင္းဘူးျမိဳ႕နယ္ စကုနယ္ေျမရဲစခန္းတြင္ (ပ) ၈၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၅ ျဖင့္လည္းေကာင္း၊ ေက်ာ္ဇင္ႏိုင္အား (ပ)၈၄/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၂၉၄/၃၃၂ အရလည္းေကာင္း အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း  - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားပွဲတော်၌ မူးယစ်ဆူပူနေသူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းရာတွင် ကျဉ်စက်ကို အသုံးပြုခြင်းကြောင့် ထိန်းသိမ်းခံရသူ ဒဏ်ရာရရှိသည်ဟုဆိုကာ အမှုဖွင့် သဖြင့် ရဲတပ်ဖွဲ့ဝင်အား ရဲစည်းကမ်း ဥပဒေအရ စုံခုံဖွဲ့စစ်ဆေးမှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရွှေစက်တော် ရဲကင်းစခန်းမှ သိရသည်။

ရွှေစက်တော်ဘုရားပွဲတော် သောင်ပြင်ဈေး၌ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက လူတစ်ဦး မူးယစ်ရမ်းကား နေကြောင်း ရွှေစက်တော်ဘုရား ရဲကင်းစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့က သွားရောက် ထိန်းသိမ်းရာတွင် မူးယစ် ဆူပူနေသူအား ရဲတပ်သား တစ်ဦးက ကျဉ်စက်နှင့်တို့ခြင်း၊ ကျဉ်စက်နှင့် ထုခြင်းပြုလုပ်၍ ဒဏ်ရာပြင်းထန်စွာ ရသည့်အတွက် ရဲတပ်သားအား စစ်ဆေး အရေးယူပေးရန်ဟု ဆိုကာ အမှုဖွင့် တိုင်ကြားလာခြင်းဖြစ်ကြောင်း ရွှေစက်တော်ရဲကင်းစခန်းမှူးထံမှ သိရသည်။

“ရွှေစက်တော် ဈေးသည်တစ်ဦးဖြစ်တဲ့ ဒေါ်ကေသီ စခန်းကို ရောက်လာပြီး ကျော်ဇင်နိုင်ဆိုသူက အရက်မူးပြီး အော်ဟစ် ဆူပူနေတဲ့အပြင် ခြင်းလုံးခတ်ပြီး သူ့အခန်းနံရံကို တမင် ထိမှန်အောင်လုပ်နေတဲ့ အတွက် တားဆီးပေးဖို့ တိုင်တန်းတာကြောင့် ဒုရဲအုပ်တစ်ဦး ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် (၉)ဦးကို ထိန်းသိမ်း ခေါ်ဆောင်ဖို့ လွှက်တာမှာ တစ်ဖက်က ဆဲဆိုကန်ကျောက်တာတွေ လုပ်တာကြောင့် ရဲတပ်သား သန်းဝင်းက ပါလာတဲ့ ကျဉ်စက်ဖင်နဲ့ ထုလိုက်လို့ သွေးထွက် ဒဏ်ရာရရှိသွားတာပါ”ဟုရွှေစက်တော်ရဲကင်းမှ စခန်းမှူးရဲအုပ်သက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် မူးယစ်ဆူပူနေသူ ကျော်ဇင်နိုင်တွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာများရရှိကာ သတိလစ်သွားသဖြင့် မင်းဘူးဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ပြီး ထိုနေ့ညမှာပင် မင်းဘူးဆေးရုံမှ မကွေးဆေးရုံသို့ လွှဲပြောင်း ဆေးကုသမှု ခံယူစေခဲ့ကြောင်း ကျော်ဇင်နိုင်၏ ဦးလေး တော်စပ်သူ ဦးနေဝင်းက ဆိုသည်။

“သူ့အဖေ ကျန်းမာရေးဆေးကုသဖို့ အခက်အခဲ ရှိနေလို့ စိတ်ညစ်ပြီး အရက်သောက် မူးယစ်ဆူပူနေတာ မှန်ပေမယ့် သူတို့ အခန်းထဲမှာပဲ သူ့အမေနဲ့ စကားများနေတာပါ။ ဘယ်သူ့ကိုမှ ဘာလုပ်မယ်ဆိုပြီး တုတ်ကိုင် ဓားကိုင်တာတွေ မရှိတဲ့ ကလေးကို ရဲတွေက အခုလို ဝိုင်းဝန်းဖမ်းချုပ် ထိုးကြိတ်ပြီး ကျဉ်စက်နဲ့ တို့တာတွေ ဆောင့်ထိုးတာတွေအထိ လုပ်တာတော့ လုံးဝ မဖြစ်သင့်ပါဘူး”ဟု ဦးလေးတော်စပ်သူ ဦးနေဝင်းက ပြောသည်။

မူးယစ်ဆူပူနေသူအား ထိန်းသိမ်းရန်လာသည့် ရဲတပ်ဖွဲ့ဝင်များသည် ယူနီဖောင်း မပါဘဲရောက်လာရာ ကျော်ဇင်နိုင်က၎င်းအား ဖမ်းဆီးလိုပါက ယူနီဖောင်းပါသည့် ရဲများဖြစ်ရန် လိုသည်ဟုပြောဆိုသဖြင့် ယူနီဖောင်းဝတ်ထားသည့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာရာတွင် ရဲတပ်သားတစ်ဦးက ကျဉ်စက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဖြစ်ရပ်အား မျက်မြင်တွေ့ရသူများဟုဆိုသည့် ကိုဖြိုးဝေ၊ ကိုစိုးမင်းနိုင်၊ မလေးလေးနွယ် တို့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်သားသန်းဝင်းအား မင်းဘူးမြို့နယ် စကုနယ်မြေရဲစခန်းတွင် (ပ) ၈၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း၊ ကျော်ဇင်နိုင်အား (ပ)၈၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၃၃၂ အရလည်းကောင်း အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~