တာချီလိတ်တွင် အလှပြင်ဆိုင်၌ သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီး (၂၉)ရက်အကြာတွင် သေဆုံး

တာချီလိတ်တွင် အလှပြင်ဆိုင်၌ သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီး (၂၉)ရက်အကြာတွင် သေဆုံး
ဇန်နဝါရီ 12, 2017
By Tachileik News Agency
တာချီလိတ်တွင် အလှပြင်ဆိုင်၌ သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီး (၂၉)ရက်အကြာတွင် သေဆုံး
 
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဒီဇင်ဘာလအတွင်းက အလှပြင်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခံလိုက်ရသည့် အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာရရှိပြီး ဆေးဝါးကုသမှုခံယူနေရာမှ ရက်ပေါင်း(၂၉)ရက် အကြာတွင် မိုင်းဖြတ်၌ သေဆုံးသွားကြောင်း သိရသည်။

"ထိုင်းဘက် ဆေးရုံကတော့ ဇန်နဝါရီလ(၆)ရက်နေ့က ပြန်သယ်လာတာ။ ဇန်နဝါရီ၁၀ရက်ညက ဆုံးသွားတယ်၊"ဟု သေဆုံးသူမိသားစုနှင့် နီးစပ်တစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဒို့ညီနောင်ကားလေးဂိတ်အနီး၊ နွန်းတစ်အလှပြင်ဆိုင်တွင် အလှလာပြင်သူ အသက်(၂၀)နှစ်ရှိ မနန်းကျောက်ဝိုးဆိုင်အား အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့် (၁)ချက်ပစ်သွား၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

သေနတ်ပစ်ခံရသည့် ဦးခေါင်းဒဏ်ရာအား ထိုင်းနိုင်ငံ ဆေးရုံတွင် ပို့ဆောင်ကုသမှုခံယူနေရာမှ ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့က တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီးနောက် ဇန်နဝါရီလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သွားသူအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိပြီး၎င်းအား ဖမ်းဆီးရမိရေးကိုလည်း ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်တွင် ဆံပင်ညှပ်ဆိုင်အတွင်း သေနတ်ပစ်ခတ်မှုအဖြစ် ၂၀၁၃ခုနှစ် မေလ(၅)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း၌ ဖြစ်ပွားခဲ့ပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၌ ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net