တာချီလိတ် မြန်မာ-ထိုင်း အမှတ်(၁)တံတားပေါ် ၃% (၁၀)ရက်အတွင်း ကျပ်(၁၁၉)သိန်းကျော် ကောက်ခံရရှိ

တာချီလိတ် မြန်မာ-ထိုင်း အမှတ်(၁)တံတားပေါ် ၃% (၁၀)ရက်အတွင်း ကျပ်(၁၁၉)သိန်းကျော် ကောက်ခံရရှိ
နိုဝင်ဘာ 10, 2016
By Tachileik News Agency


 

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေအဖြစ် ကောက်ခံနေသော (၃%)တွင် နိုဝင်ဘာလ၏ (၁၀)ရက်တာအတွင်း ကျပ်(၁၁၉)သိန်းကျော် ကောက်ခံရရှိကြောင်း သိရသည်။

"အခုနောက်ပိုင်း ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ဒီ ၃%ကနေ တစ်ပိုင်တစ်နိုင်ပစ္စည်းတွေ အသုံးအဆောင်တွေ၊ စားသုံးကုန်တွေ အမျိုးစုံ တင်သွင်းမှုများလာတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အပြင် စေတနာထားပြီး တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း ထောင့်စေ့အောင် စနစ်တကျ လုပ်ဆောင်နကြေတဲ့အတွက် အခုလို တစ်ပိုင်တစ်နိုင် သယ်ဆောင်သူတွေအပေါ် ၃% ကောက်ခံရရှိမှုတွေ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်"ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်က ပြောသည်။

နိုဝင်ဘာလ(၁)ရက်နေ့တွင် (၁၇၆၀,ဝဝဝ)ကျပ်၊ (၂)ရက်နေ့တွင် (၁,၁၀၀,ဝဝဝ)ကျပ်၊ (၃)ရက်နေ့တွင် (၁,၂၁၇,၅၀၀)ကျပ်၊ (၄)ရက်နေ့တွင် (၁,၄၃၅,ဝဝဝ)ကျပ်၊ (၅)ရက်နေ့တွင် (၁,၂၅၀,ဝဝဝ)ကျပ်၊ (၆)ရက်နေ့တွင် ( ၂၁၀,၅၀၀)ကျပ်၊ (၇)ရက်နေ့တွင် (၁,၅၀၀,၅၀၀)ကျပ် နှင့် (၈)ရက်နေ့တွင် ( ၁,၁၄၀,၅၀၀)ကျပ်၊ (၉)ရက်နေ့တွက် (၁၃၁၀,ဝဝဝ)ကျပ် နှင့် (၁၀)ရက်နေ့တွင် (၁,ဝ၄၀,ဝဝဝ)ကျပ်ကောက်ခံရရှိရာ အဆိုပါ (၁၀)ရက်အတွင်း (၁၁,၉၆၄,ဝဝဝ)ကျပ် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မြန်မာ - ထိုင်းနယ်စပ်ချစ်ကြည်ရေးတံတား (၂)စင်းအနက် အမှတ်(၂)တံတားအား ကုန်သွယ်ရေးအတွက် အဓိက သတ်မှတ်ထားပြီး၊ အမှတ်(၁)တံတားအား နိုင်ငံခြားသားဧည့်သည်များ၊ ဒေသခံပြည်သူများ သွားလာရန်နှင့် တစ်နိုင်တစ်ပိုင်အတွက် သတ်မှတ်ထားရှိရာ အဆိုပါ အမှတ်(၁)တံတားတွင် ပြီးခဲ့သည့် အောက်တိုဘာလက ၃% ကောက်ခံရရှိမှုမှာ စုစုပေါင်း ကျပ် (၃၇,၈၇၆,၆၀၀)ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ် (၃%)တွင် အခွန်ပေးသွင်းစပြေီး တစ်ပိုင်တစ်နိုင် သယ်ဆောင်ခွင့် ပြုထားသော ကုန်ပစ္စည်း အမျိုးအစားမှာ စုစုပေါင်း (၁၄၆)မျိုးဖြစ်ပြီး၊ လူတစ်ဦးလျှင် တစ်ကြိမ်အတွက် ကျပ်(၁၀)သိန်းဖိုးအထိ သယ်ဆောင်ခွင့်ရှိကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~