ကျိုင်းတုံ - မိုင်းလား ဝမ်တာပင်းဂိတ် ရုတ်တရက် ပိတ်လိုက်သဖြင့် နိုင်ငံခြားသားခရီးသွားအချို့ ပိတ်မိနေ

ကျိုင်းတုံ - မိုင်းလား ဝမ်တာပင်းဂိတ် ရုတ်တရက် ပိတ်လိုက်သဖြင့် နိုင်ငံခြားသားခရီးသွားအချို့ ပိတ်မိနေ
အောက်တိုဘာ 24, 2016 | ရှမ်းရှေ့
By Tachileik News Agency

ကျိုင်းတုံ - မိုင်းလားလမ်းပေါ်ရှိ ဝမ်တာပင်းဂိတ်အား အောက်တိုဘာလ (၂၃)ရက်နေ့ ညနေပိုင်းက ပိတ်လိုက်သဖြင့် မိုင်းလားရောက်နေသည့် နိုင်ငံခြားသားခရီးသွားအချို့ ကျိုင်းတုံမြို့သို့ ပြန်မလာနိုင်သေးဘဲ ဖြစ်နေကြောင်း သိရသည်။

 

မိုင်းလားကို ရောက်နေတဲ့ ကျွန်တော်တို့ရဲ့ ဧည့်လမ်းညွှန်တစ်ဖွဲ့ရှိတယ်။ ပိတ်နေတယ်ကြားတယ်။ ဖုန်းအဆက်အသွယ်လည်း အခုထိ မရသေးဘူး။ ဒီနေ့ မနက်အထိလည်း ဝမ်တာပင်း ဂိတ်ပြန်ဖွင့်တယ် မကြားသေးဘူး။ ပိတ်မိနေတာတော့ မယ်ဆိုင်ကနေ တာချီလိတ်ကိုဝင်လာပြီး မိုင်းလားသွားလည်တဲ့ နိုင်ငံခြားသားတွေပါ။ ကျွန်တော် မနက်ဖြန်သွားရမှာ။ အခုထိ ဘာမှန်းမသိသေးတော့ ရပ်ထားရတယ်

ဟု ရှမ်း/အရှေ့ ရွှေတြိဂံဇုန် ဧည့်လမ်းညွှန်များအသင်းမှ ကိုစတီဗင်က ပြောသည်။

ပိတ်မိနေသည့် နိုင်ငံခြားသား ခရီးသွားများမှာ အောက်တိုဘာလ (၂၄)ရက်နေ့တွင် မိုင်းလားမှ တာချီလိတ်သို့ ပြန်လည် ရောက်ရှိရမည်ဖြစ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးဘဲ မိုင်းလားသို့ ထပ်မံသွားမည့် နိုင်ငံခြားခရီးသွားများအားလည်း ရပ်ဆိုင်းထားရကြောင်း၎င်းထံမှ သိရသည်။

မိုင်းလားသို့ သွားရောက် လည်ပတ်သည့် နိုင်ငံခြားခရီးသွားများမှာ နေ့ချင်းပြန်သွားရခြင်းဖြစ်သဖြင့် ရုတ်တရက် လမ်းပိတ်ဆို့ချိန်တွင် အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

မိုင်းလားအထူးဒေသ(၄) နယ်မြေသို့ ဆက်သွယ်သည့် ဝမ်တာပင်းဂိတ်မှာ ပုံမှန်အားဖြင့် ညနေ(၆)နာရီတွင် ဂိတ်တံခါးပိတ်ခြင်းဖြစ်သော်လည်း အောက်တိုဘာ(၂၃)ရက်နေ့ ညနေ(၄)နာရီတွင် ပိတ်လိုက်ပြီး မိုင်းယုဂိတ်ကိုလည်း နေ့လယ်(၂)နာရီခန့်တွင် တစ်ဖက်မှပိတ်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်မှု တိုးတက်ရေး အတွက် နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် ဦးမင်းအောင်က ပြောသည်။

"တာပင်းနဲ့ မိုင်းယုဂိတ်တွေပိတ်သွားပြီ။ တပ်တွေ နေရာချထားတယ် ကြားလို့ မိုင်းလားဘက်က အမျိုးတွေ မိုင်းယန်းဘက်ကနေ လှည့်ပြီး ကျိုင်းတုံကို ပြန်လာကြတာတွေရှိတယ်။ အဓိက တိုက်ပွဲဖြစ်မှာကြောက်လို့ စစ်ရှောင်လာကြတာ "ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄)မိုင်းလားနယ်မြေအတွင်း ရုတ်တရက်ပြောင်းလဲလာသည့် အခြေအနေများကြောင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သည့်ဒေသခံများက မိုင်းယောင်းနှင့် ကျိုင်းတုံမြို့များသို့ ရွှေ့ပြောင်းလာနေကြောင်း သိရသည်။

 

အဆိုပါ မိုင်းလားဒေသတွင် "ဝ" တပ်ဖွဲ့က ဝင်ရောက်နေရာ အဆိုပါတပ်များကို မိုင်းလားနယ်မြေမှ ပြန်လည်ဆုတ်ခွာရန် တပ်မတော်က အကြောင်းကြားထားခြင်းရှိ/မရှိကို "ဝ"သွေးစည်ညီညွှတ်ရေးတပ်(မြောက်ပိုင်း) ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးအား Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ ) က ဆက်သွယ်မေးမြန်းရာ ယခုအချိန်ထိ အောက်ခြေမှ သတင်းအတိအကျ တက်လာခြင်းမရှိသေးသောကြောင့် အတည်ပြု၍ မရနိုင်သေးဘဲ ဗဟိုကလည်း မည်သည့် အကြောင်းအရာမှ ပြောကြားထားခြင်းမရှိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့ပြီး အတည်ပြုနိုင်သည့်အချိန်တွင် ပြန်လည်ဖုန်းဆက်သွယ်မည်ဟု ပြန်လည်ဖြကြေားသည်။

အထူးဒေသ(၄)မိုင်းလားနယ်မြေအတွင်းရှိ လွယ်ဆမ်ဆုံစခန်း၊ လွယ်ကျူဆိုင်း စခန်း၊ ဝမ့်နောင်ဟုတ်စခန်း (၃)ခုအား စက်တင်ဘာနောက်ဆုံးပတ်အတွင်းက "ဝ"တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲထားသဖြင့် ဒေသတွင်း စစ်ရေးတင်းမာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။