ၿမိတ္ကြ်န္းစုအတြင္း ငွက္သိုက္ေစ်းကြက္ ထက္၀က္နီးပါ က်ဆင္း

ၿမိတ္ကြ်န္းစုအတြင္း ငွက္သိုက္ေစ်းကြက္ ထက္၀က္နီးပါ က်ဆင္း
အောက်တိုဘာ 18, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီးရွိ ၿမိတ္ကြ်န္းစုအတြင္း ပင္လယ္ကမ္းရိုးတန္း ေဒသမ်ားတြင္ သဘာဝအေလ်ာက္ ဂူေန ဇီ၀ဇိုး ငွက္မ်ားအား လူေနအိမ္မ်ားတြင္ တြယ္ကပ္ေစရန္ နည္းစနစ္ျဖင့္ ငွက္သိုက္အိမ္ ျပဳလုပ္သူတိုးလာၿပီး ယခုႏွစ္တြင္ ငွက္သိုက္ေစ်း ထက္ဝက္ခန္႔ က်ဆင္းလာေၾကာင္း သိရသည္။

“ေစ်းေတြက ေတာ္ေတာ္က်လာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ႔ အဓိကက အသံတုနဲ႔ေခၚတဲ႔ ဖန္တီးငွက္သိုက္အိမ္ေတြ ပိုမ်ားလာလို႔ပါ။ ဒီၾကားထဲ ငွက္ႀကီးေတြက တစ္ခါ ေနွာင့္ယွက္ေတာ႔ ပ်ံေျပးသြား တာေၾကာင့္ အရနည္းလာတယ္။"ဟုု သဲကြင္းငွက္သိုက္အိမ္မွ မခင္ေအးက ေျပာသည္။

ငွက္သိုက္ေစ်းႏႈန္းမွာ တစ္ပိႆာလွ်င္ က်ပ္သိန္း (၄၀)ရိွရာမွ ၂၀၁၆  ခုႏွစ္တြင္ က်ပ္သိန္း (၂၀) သာရိွေတာ့ေၾကာင္း သိရသည္။

“ ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ ေနအိမ္ အေဆာက္အဦအျမင့္ေတြ ေဆာက္ၿပီး ဇီဝဇိုး ငွက္သိုက္လာကပ္ေအာင္ ဖန္တီးတာေတြ မ်ားလာေတာ့ ငွက္သိုက္အထြက္မ်ားလာတယ္။ ဒီႏွစ္ ငွက္သိုက္ေစ်းက အရင္ကေစ်းထက္
ထက္ဝက္ကို က်သြားတာ”ဟု ၿမိတ္ကမ္းနားလမ္း သဘာ၀ငွက္သိုက္အိမ္ျပဳလုပ္သူ မတင္ဇာေအးက ေျပာသည္။

ဇီဝဇိုး ငွက္မ်ားအား လူေနအိမ္မ်ားတြင္ တြယ္ကပ္အသိုက္လုပ္ေစသည့္ နည္းစနစ္ကို ႏွစ္ေပါင္း (၃၀)ခန္႔ကတည္းက စတင္လုပ္ေဆာင္လာရာ ယခင္က တစ္ႏွစ္လွ်င္ ေနအိမ္တစ္လံုးမွ ငွက္သိုက္ထုတ္လုပ္မႈ (၈)ပိႆာခန္႔ရိွရာမွ ယခုအခါတြင္ ငွက္သိုက္အိမ္ေဆာက္လုပ္သူမ်ားလာသျဖင့္ တစ္ႏွစ္လွ်င္ (၅)ပိႆာ နီးပါးသာ ရေတာ့ေၾကာင္း သိရသည္။

“ဖန္တီးငွက္သိုက္အိမ္ဆိုတာက အသံတုနဲ႔ ငွက္ကိုေခၚတာ။ ၿမိတ္ခရိုင္မွာ သဘာ၀ငွက္သိုက္ (၅) အိမ္ပဲရိွတာ။ ဖန္တီးငွက္သိုက္အိမ္က (၈၅) အိမ္ရွိတယ္။ အမ်ားဆံုးက ၿမိတ္ကမ္းနားလမ္းရွိ သဲကြင္း၊ ထား၀ယ္စုနဲ႔ ေနာက္လယ္ရပ္ကြက္ေတြမွာရိွတယ္”ဟု သဲကြင္းငွက္သိုက္အိမ္မွ မခင္ေအးက ေျပာသည္။

ၿမိတ္ေဒသထြက္ ဇီ၀ဇိုးငွက္သိုက္မ်ားကို ထိုင္းႏိုင္ငံႏွင့္ တရုတ္ႏိုင္မ်ားသို႔ တင္ပို႔ေရာင္းခ်ေနေၾကာင္း သိရသည္။

ဇီဝဇိုးငွက္မ်ားသည္ ပ်ံလႊားမ်ိဳးစိတ္တြင္ပါ၀င္ၿပီး အသိုက္ကို အျခားငွက္မ်ားကဲ့သို႔ သစ္ရြက္သစ္ကိုင္းတို႔ျဖင္႔ ျပဳလုပ္ျခင္းမဟုတ္ဘဲ  လွ်ာေအာက္ရွိ အာေခါင္အတြင္း ဂလင္းတစ္စံုမွ အျဖဴေရာင္ (ႏို႔ေရာင္) အေစးတစ္မ်ိဳးကို အန္ထုတ္၍ အသိုက္ျပဳလုပ္ျခင္းျဖစ္ၿပီး ငွက္သိုက္မွာ ကမၻာေပၚ၌ ေစ်းအျမင္႔ဆံုး သဘာ၀ အာဟာရေဆးတစ္မ်ိဳး ျဖစ္ေၾကာင္း သိရသည္။

ဇီ၀ဇိုးငွက္သိုက္မ်ားကို ထား၀ယ္ကမ္းေျခရွိ ကြ်န္းမ်ား၊ ပုသိမ္ၿမိဳ႕ အေနာက္ဘက္ရွိ ကြ်န္းမ်ား၊ ၿမိတ္ကြ်န္းစုရွိ ကြ်န္းေပါင္းရွစ္ရာေက်ာ္တြင္ေတြ႔ရၿပီး လူေနအိမ္မ်ားတြင္ ငွက္သိုက္တြယ္ကပ္ေစရန္ ဖန္တီးျခင္းကို လြန္ခဲ့သည့္ ႏွစ္ေပါင္း ၃၀ ေက်ာ္ကတည္းက စတင္လုပ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုအတွင်း ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် သဘာဝအလျောက် ဂူနေ ဇီဝဇိုး ငှက်များအား လူနေအိမ်များတွင် တွယ်ကပ်စေရန် နည်းစနစ်ဖြင့် ငှက်သိုက်အိမ် ပြုလုပ်သူတိုးလာပြီး ယခုနှစ်တွင် ငှက်သိုက်ဈေး ထက်ဝက်ခန့် ကျဆင်းလာကြောင်း သိရသည်။

“ဈေးတွေက တော်တော်ကျလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကက အသံတုနဲ့ခေါ်တဲ့ ဖန်တီးငှက်သိုက်အိမ်တွေ ပိုများလာလို့ပါ။ ဒီကြားထဲ ငှက်ကြီးတွေက တစ်ခါ နှောင့်ယှက်တော့ ပျံပြေးသွား တာကြောင့် အရနည်းလာတယ်။"ဟု သဲကွင်းငှက်သိုက်အိမ်မှ မခင်အေးက ပြောသည်။

ငှက်သိုက်ဈေးနှုန်းမှာ တစ်ပိဿါလျှင် ကျပ်သိန်း (၄၀)ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ကျပ်သိန်း (၂၀) သာရှိတော့ကြောင်း သိရသည်။

“ မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ် အဆောက်အဦအမြင့်တွေ ဆောက်ပြီး ဇီဝဇိုး ငှက်သိုက်လာကပ်အောင် ဖန်တီးတာတွေ များလာတော့ ငှက်သိုက်အထွက်များလာတယ်။ ဒီနှစ် ငှက်သိုက်ဈေးက အရင်ကဈေးထက်
ထက်ဝက်ကို ကျသွားတာ”ဟု မြိတ်ကမ်းနားလမ်း သဘာဝငှက်သိုက်အိမ်ပြုလုပ်သူ မတင်ဇာအေးက ပြောသည်။

ဇီဝဇိုး ငှက်များအား လူနေအိမ်များတွင် တွယ်ကပ်အသိုက်လုပ်စေသည့် နည်းစနစ်ကို နှစ်ပေါင်း (၃၀)ခန့်ကတည်းက စတင်လုပ်ဆောင်လာရာ ယခင်က တစ်နှစ်လျှင် နေအိမ်တစ်လုံးမှ ငှက်သိုက်ထုတ်လုပ်မှု (၈)ပိဿါခန့်ရှိရာမှ ယခုအခါတွင် ငှက်သိုက်အိမ်ဆောက်လုပ်သူများလာသဖြင့် တစ်နှစ်လျှင် (၅)ပိဿါ နီးပါးသာ ရတော့ကြောင်း သိရသည်။

“ဖန်တီးငှက်သိုက်အိမ်ဆိုတာက အသံတုနဲ့ ငှက်ကိုခေါ်တာ။ မြိတ်ခရိုင်မှာ သဘာဝငှက်သိုက် (၅) အိမ်ပဲရှိတာ။ ဖန်တီးငှက်သိုက်အိမ်က (၈၅) အိမ်ရှိတယ်။ အများဆုံးက မြိတ်ကမ်းနားလမ်းရှိ သဲကွင်း၊ ထားဝယ်စုနဲ့ နောက်လယ်ရပ်ကွက်တွေမှာရှိတယ်”ဟု သဲကွင်းငှက်သိုက်အိမ်မှ မခင်အေးက ပြောသည်။

မြိတ်ဒေသထွက် ဇီဝဇိုးငှက်သိုက်များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်များသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

ဇီဝဇိုးငှက်များသည် ပျံလွှားမျိုးစိတ်တွင်ပါဝင်ပြီး အသိုက်ကို အခြားငှက်များကဲ့သို့ သစ်ရွက်သစ်ကိုင်းတို့ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ လျှာအောက်ရှိ အာခေါင်အတွင်း ဂလင်းတစ်စုံမှ အဖြူရောင် (နို့ရောင်) အစေးတစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ခြင်းဖြစ်ပြီး ငှက်သိုက်မှာ ကမ္ဘာပေါ်၌ ဈေးအမြင့်ဆုံး သဘာဝ အာဟာရဆေးတစ်မျိုး ဖြစ်ကြောင်း သိရသည်။

ဇီဝဇိုးငှက်သိုက်များကို ထားဝယ်ကမ်းခြေရှိ ကျွန်းများ၊ ပုသိမ်မြို့ အနောက်ဘက်ရှိ ကျွန်းများ၊ မြိတ်ကျွန်းစုရှိ ကျွန်းပေါင်းရှစ်ရာကျော်တွင်တွေ့ရပြီး လူနေအိမ်များတွင် ငှက်သိုက်တွယ်ကပ်စေရန် ဖန်တီးခြင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက စတင်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~