ထိုင်းထီ ဆုကြီး ဘတ်သိန်း(၃၀)အား တာချီလိတ်မြို့ ဝမ်ပုံနေ ဦးအိုက်မတ် + ဒေါ်နန်းကျဲ့တို့ ဆွတ်ခူး

ထိုင်းထီ ဆုကြီး ဘတ်သိန်း(၃၀)အား တာချီလိတ်မြို့ ဝမ်ပုံနေ ဦးအိုက်မတ် + ဒေါ်နန်းကျဲ့တို့ ဆွတ်ခူး
စက်တင်ဘာ 6, 2016
By Tachileik News Agency

၂၀၁၆ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့က ထွက်ရှိခဲ့သော ထိုင်းထီ၏ ဘတ်သိန်း(၃၀)ဆုကြီးကို ထပ်မံရရှိသွားသူမှာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် ထွက်ရှိခဲ့သော ထိုင်းနိုင်ငံ၏ ထီတွင် ပထမဆုကြီး (၆)လုံးတိုက်ဖြစ်သည့် ( 638684 ) နံပါတ်ပါရှိသည့် ထီလက်မှတ်ကို ပိုင်ဆိုင်သူသည် တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာနေ ဦးအိုက်မတ်+ဒေါ်နန်းကျဲ့ တို့မှ ဖြစ်ကြောင်း သိရသည်။

"ထီပေါက်တာက (၁)ရက်နေ့ကတည်းက သိနေတယ်။ ထိုင်းဘက်မှာ ဆုငွေထုတ်ဖို့အတွက် ပြင်ဆင်နေရင်းနဲ့ ဒီနေ့(စက်တင်ဘာလ ၆ရက်)မှ သွားထုတ်ဖြစ်မှာ"ဟု ကာယကံရှင်မှ ဆိုသည်။

 ဦးအိုက်မတ်+ဒေါ်နန်းကျဲ့ တို့မှ နံပါတ်အစဉ်လိုက်ပါသည့် 638683 , 638684 နှင့် 638685 ထိုင်းထီ (၃)စောင်အား ဝယ်ယူထားရာမှ 638684 နံပါတ်ပါရှိသည့် ထီလက်မှတ်ဖြင့် ဆုကြီးအား ဆွတ်ခူးရရှိတာ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း၌ ထိုင်းထီ ဆုကြီးပေါက်သူများသည် ထီလက်မှတ်မှာ (၂)စောင်တွဲဖြစ်သည့်အတွက် ဆုငွေမှာ ဘတ်သိန်း(၆၀)ရသော်လည်း တာချီလိတ်တွင် ထိုင်းထီလက်မှတ်များကို (၂)စောင်တွဲအား (၁)စောင်စီ ပြန်လည်ခွဲဝေရောင်းချကြသည့်အတွက် တစ်စောင်လျှင် ဘတ်သိန်း(၃၀)သာ ရရှိတာဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ စက်တင်ဘာလ(၁)ရက်နေ့က ထွက်ရှိသည့် ပထမဆုကြီးကို တာချီလိတ်မှ (၂)ဦး ထွက်ပေါ်ခဲ့ရာ ယခု ဖော်ပြပါ တစ်ဦး နှင့် ကျန်တစ်ဦးမှာ တာချီလိတ်မြို့နယ် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ နေထိုင်သူ ဖြစ်ကြောင်း သိရှိရသည်။