ပုဂံညှပ်ကြီး နှင့် ကန်တော့ပလ္လင်စေတီတော်

ပုဂံညှပ်ကြီး နှင့် ကန်တော့ပလ္လင်စေတီတော်
စက်တင်ဘာ 2, 2016
By Tachileik News Agency
ပုဂံညှပ်ကြီး နှင့် ကန်တော့ပလ္လင်စေတီတော် ။   ။ ဦးခင်မောင်မြင့်(ရွှေမဟာ)

မနေ့က မိတ်ဆွေများနဲ့ စကားဝိုင်းမှာ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားတဲ့ ပုဂံစေတီတော်တွေဆီ ရောက်သွားတယ်။ စေတီတစ်ဆူချင်းနဲ့ပတ်သက်ပြီး သမိုင်းကြောင်း တွေကိုဆွေးနွေးကြရာက၊ ကန်တော့ ပလ္လင်စေတီတော်ဆီအရောက်မှာ၊ သူမှန် ကိုယ်မှန် ငြင်းခုံ ကြပါလေရော။

ဒါကြောင့်လည်း ပုဂံရာဇဝင်ဆိုတာ တုတ်ထမ်း ဓားထမ်းပြောကြတဲ့ ရာဇဝင်ဆိုပြီး စကားတွင်ခဲ့တယ် ဆိုတာ သဘောပေါက်မိတော့တယ်။ ကျွန်တော်လည်း သူတို့ငြင်းခုံပြောဆိုနေကြတာကို ကြည့်ပြီး ပြုံးရုံသာ ပြုံးမိပါတယ်။

သူသိသလောက် သူ့အမြင်နဲ့သူပြောတဲ့ ရှုထောင့် အသီးသီးကလည်း မှန်နေတော့ ဘယ်ဟာအမှန်လို့ ကျွန်တော် ထင်မြင်ချက် မပေးခဲ့ပါဘူး။ ပုဂံခေတ်ကနေ ကုန်းဘောင် ခေတ်နှောင်းအထိ ရေးခဲ့တဲ့ ဦးကုလားရဲ့ မဟာရာဇဝင်ကြီးတွေ၊ ဦးမောင်မောင်တင်ရေးတဲ့ မဟာရာဇဝင်ကြီးတွေ၊ မှန်နန်းရာဇဝင် တွေမှာကိုက ခိုင်မာမှုရှိတာတွေပါသလို၊ ပါးစပ်ရာဇဝင်ကို ချဲ့ထွင်ရေးသားထားတာတွေလည်း ရှိနေတာတွေ့ရပါတယ်။

ရာဇဝင်မှာ -သဝတ္တုက ရာဇဝင်လို့ဆိုတဲ့ (ကျောက်စာ၊ မင်စာ၊ ပေ ပုရပိုက်စာ၊ အုတ်ခွက်စာ၊ စဥ့်ကွင်းစာ၊ ခေါင်းလောင်းစာ တွေနဲ့ ကမ္ဗည်းမှတ်တမ်းပြုထားတဲ့)ရာဇဝင်ရှိသလို၊ အတ္တုက ရာဇဝင်လို့ဆိုတဲ့ အထောက်အထား မပြနိုင်တဲ့ ပါးစပ် ရာဇဝင်တွေလည်း ရှိခဲ့ပါတယ်။

ကျွန်တော်ရေးမယ့် ပုဂံညှပ်ကြီး အကြောင်းဟာ ပါးစပ်ရာဇဝင် ဖြစ်သလို၊ ကန်တော့ပလ္လင်စေတီတော် နဲ့ ပတ်သက်တာကလည်း ပါးစပ်ရာဇဝင်ဘက်က အဆိုနဲ့ လက်တွေ့ကျတဲ့ စေတီသမိုင်းနဲ့ ယှဉ်ပြီး ရေးပါ့မယ်။

ကျွန်တော် မှတ်သားမိသလောက်သာဖြစ်တဲ့အတွက် ပညာရှင်ကြီးများ သည်းခံခွင့်လွှတ် နိုင်ပါစေ။

ပုဂံပြည် အလောင်းစည်သူမင်း လက်ထက်တော်မှာ ၊ ပုဂံညှပ်ကြီးဆိုတာ ပေါ်ပေါက်ဖူးတယ်လို့ ဆြိုကပါတယ်။ တရားစီရင်ရေးမှာ သမာသမတ်ရှိအောင် နတ်တွေစောင့်ရှောက်ပြီး ဆုံးဖြတ်ပေးတဲ့ညှပ်ကြီး လို့ဆိုပါတယ်။ သူ့ကို ပလ္လင်ပေါ်မှာ တည်ဆောက်ထားပြီး၊ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှု၊ လိမ်ညာမှု မှန်သမျှကို ညှပ်ကြီးက ဖော်ထုတ်ပေးပါတယ်။

မရိုးသားမှု လိမ်ညာမှုဖြစ်လာရင် ၊ အမှုဖြစ်တဲ့ ကာယကံရှင်တွေက ညှပ်ကြီးရှေ့လာပြီး အမှန်တရား အတွက် ဦးစွာ သစ္စာပြုရပါတယ်။ ပြီးတော့ သူတို့ရဲ့လက်ကို ညှပ်ကြီးထဲကို တစ်လှည့်စီ ထိုးသွင်းရပါတယ်။ လိမ်ညာသူ၊ မမှန်ကန်သူဆိုရင် ညှပ်ကြီးရဲ့ ဖိညှပ်မှုကိုခံရပါတယ်။ ဒါကြောင့်ဘယ်သူမှ မလိမ်ဝံ့၊ မညာဝံ့လို့  အလောင်းစည်သူမင်း လက်ထက်က ညှပ်ကြီးရဲ့ တရားစီရင်ရေးဟာ ပြောစမှတ်တွင်အောင် ထင်ရှားခဲ့တယ် ဆိုပါတယ်။

ဒီလိုနတ်ဒေဝါတွေ စောင့်တဲ့ညှပ်ကြီးလည်း လူလည် ဖိုးသူတော်နဲ့တွေ့မှ သိက္ခာကျရတော့တာပါဘဲ။ တစ်နေ့မှာ မယ်သူတော် တစ်ပါးဟာ သူ့ရဲ့ လက်စွပ်တစ်ကွင်းကို ဖိုးသူတော်တစ်ပါးထံ အပ်ခဲ့ပြီး၊ ပြန်တောင်းတဲ့ အခါ ဖိုးသူတော်က "ပြန်ပေးပြီးပြီ"လို့ ဗြောင်လိမ်တော့တာဘဲ။  ဒါကြောင့် ဒီအမှုကို ဖြေရှင်းဖို့၊ ညှပ်ကြီးရဲ့အဆုံးအဖြတ်နာခံဖို့ ရောက်လာကြတယ်။ ပထမဆုံး မယ်သူတော်က သစ္စာဆိုတယ်။

ဖိုးသူတော်ထံ ရွှေလက်စွပ် အပ်ထားတာမှန်ကြောင်း၊ ဤသစ္စာမှန်ပါက ညှပ်ကြီး၏ ဖိညှပ်ခြင်းမှ လွတ်ပါစေ လို့ပြောပြီး ညှပ်ကြီးထဲ လက်ထိုးထည့်တယ်။ မယ်သူတော်ရဲ့ မှန်ကန်တဲ့စကားကြောင့် ညှပ်ကြီးက မညှပ်ခဲ့ဘူးတဲ့။

ဖိုးသူတော်အလှည့်လည်း ရောက်ရော လူလည်ဖိုးသူတော်က လက်စွပ်ထည့်ထားတဲ့ တောင်ဝှေးကို မယ်သူတော်ကို ခဏကိုင်ထားဖို့ အပ်လိုက်တယ်။ ပြီးတော့ ညှပ်ကြီးရှေ့မှာ သစ္စာဆိုတော့တာပေါ့။

"မယ်သူတော်က သူ့ကို လက်စွပ်အပ်ခဲ့တာမှန်ကြောင်း၊ ယခု လက်စွပ်ကို မယ်သူတော်အား ပြန်အပ်ပြီး သည်မှာလည်း မှန်ပါသည်။ ဤသစ္စာစကားကြောင့် ညှပ်ကြီး၏ ဖိညှပ်ခြင်းကလွတ်ပါစေ"တဲ့။ သူယူထားတဲ့ လက်စွပ်က မယ်သူတော့်ဆီ အပ်ထားတဲ့ တောင်ဝှေးထဲမှာရှိနေတော့ သူ့စကားလည်း မှန်နေပြန်တယ်။

ဒါကြောင့်ညှပ်ကြီးက သူ့ကို မညှပ်ခဲ့ပြန်ဘူး။ ဒါကြောင့် တိကျတဲ့အဖြေကို ထုတ်မပေးနိုင်တော့ ဒီအချိန်က စလို့ ညှပ်ကြီးရဲ့ ဂုဏ်ဟာ လုံးဝကျဆင်းပြီး၊ မှေးမှိန်သွားတော့တယ်။

နောက်တော့  ဘီလူးညီအစ်ကို နှစ်ကောင်ဖြစ်တဲ့ ဂေါဓနဲ့ ဂေါစီ တို့ရောက်လာပြီး တရားသူကြီးတွေ လုပ်ကြပြန်တယ် လို့ဆိုပါတယ်။ အမှုဖြစ်သူတွေလာပြီး ဆုံးဖြတ်ချက်ယူရင် လိမ်ညာသူကို ဘီလူးတွေက ရိုက်နှက်လွှတ်တယ်လို့ အဆိုရှိပါတယ်။ ဘီလူးတွေဆီလာပြီး ဆုံးဖြတ်ချက်ယူရဲတဲ့ ပုဂံပြည်သူတွေရဲ့ သတ္တိက မခေဘူးလို့ ပြောရမလိုပါဘဲ။

အဲဒီတုန်းက ဂေါဓဘီလူးဟာ ယခင်က ညှပ်ကြီးထားခဲ့တဲ့ ပလ္လင်မှာ တရားစီရင်ခဲ့လို့၊ ဒါကို ဂေါဓပလ္လင် လို့ ခေါ်တွင်ခဲ့ကြတယ်။ နရပတိစည်သူမင်းလက်ထက်မှာ ဂေါဓ ပလ္လင်တည်ရှိခဲ့တဲ့ နေရာမှာ စေတီတည် ခဲ့လို့ ဂေါဓပလ္လင်စေတီတော် (နောင်တော့ ကန်တော့ပလ္လင်စေတီတော်)လို့ ခေါ်တွင်တယ်လို့ ပါးစပ်ရာဇဝင်က ဆိုခဲ့ကြပါတယ်။ ဒါက ကန်တော့ပလ္လင်ရဲ့ပထမ သမိုင်းပါ။

ဒုတိယ သမိုင်းက အလောင်းစည်သူမင်းကြီးနဲ့ ပတ်သက်တယ်လို့ ဆိုပါတယ်။ အလောင်းစည်သူမင်းကြီးဟာ ကျန်စစ်မင်းကြီးရဲ့ ထီးမွေနန်းမွေကို ရရှိပြီးတဲ့နောက် ပုဂံရာဇဝင်မှာ ဘုန်းတန်ခိုးအကြီးဆုံး မင်းတစ်ပါး ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ လက်ညှိုးညွှန်ရာ ရေဖြစ်နေတဲ့ မင်းကြီးဟာ ရာဇဂုဏ်မောက်ပြီး အောက်ခြေ လွတ်သွားမိတယ် ထင်ပါတယ်။

တစ်နေ့မှာ"ငါ့ ဘေးလောင်းတော်၊ ဘိုးလောင်းတော်တွေဟာ ငါ့လောက် ဘုန်းကြီးမှာ မဟုတ်ဘူး" လို့ စိတ်မှာ ကြံရွယ်ပြစ်မှားမိတယ်။ အဲဒီတစ်ခဏမှာဘဲ အလောင်းစည်သူမင်းကြီးဟာ မျက်စိကွယ် သွားခဲ့ရတယ်။

ဒီတော့မှ ပညာရှိ ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးတဲ့အခါ "ဘေးတော် ဘိုးတော်တွေကို ပြစ်မှားမိတဲ့ အတွက် ဖြစ်ကြောင်း၊ ဘေး လောင်းတော် ဘိုးလောင်းတော် တို့ကို ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက် တို့နဲ့ပူဇော်မှသာ မျက်စိ ပြန်မြင်ပါလိမ့်မယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် အလောင်းစည်သူမင်းကြီးလည်း ပေါက္ကံရာမ(ပုဂံပြည်)ကို တည်ထောင်ခဲ့တဲ့ သမုဒ္ဒရာဇ်မင်းမှ စ၍ ပုဂံမင်း(၄၄)ပါးနှင့် အလောင်းစည်သူမင်းကြီး၏ ခမည်းတော် စောယွမ်းအထိ ရွှေဆင်းတုများ သွန်းလောင်းပြီး၊ ပလ္လင်ထက်မှာတင်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက် တွေနဲ့ ပူဇော်ကန်တော့ခဲ့ပါတယ်။

ဒီအခါ ပြူစောထီးမင်း၊ အနော်ရထာမင်းနဲ့ ကျန်စစ်မင်းကြီး ရုပ်ထုကလွဲပြီး ကျန်ရုပ်တုတွေ လဲပြို သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုကန်တော့တဲ့ အခါမှ အလောင်းစည်သူမင်း မျက်စိပြန်မြင်ခဲ့ပါတယ်။

နောင်အခါ ရုပ်တုတော်တွေတင်ပြီး ကန်တော့ခဲ့တဲ့ ပလ္လင်နေရာမှာ တည်ခဲ့တဲ့ စေတီတော်ဖြစ်တာမို့ ကန်တော့ပလ္လင်လို့ သမုတ်တာလို့ ဆိုပြန်တယ်။ ဒါပေမဲ့ ကန်တော့ပလ္လင်စေတီတော်တည်ခဲ့တဲ့ ပထမမင်းဟာ အလောင်းစည်သူမင်း မဟုတ်ဘဲ၊ မြေးတော် နရပတိစည်သူမင်း ဖြစ်နေပြန်တော့ ဒီအဆိုဟာ  ယုတ္တိမတန်ပြန်ဘူး။ နရပတိစည်သူမင်းလက်ထက်မှာ တုရွင်းတောင်ခြေက ချောက်ကမ်းပါးကို မြေဖို့ပြီး စူဠာမဏိစေတီ တည်ဖို့ လုပ်ခဲ့ပါတယ်။ ချောက်ကမ်းပါးကြီးကို မြေဖို့တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာဘဲလေ။

ပြည်သူပြည်သားတွေဟာ မင်းအမိန့်ကို မလွန်ဆန် နိုင်လို့သာ နေပူပူကြီးအောက် ပင်ပန်းဆင်းရဲကြီးစွာ မြေတွေထမ်းပြီး ဖို့ကြရတာ။ မင်းအတွက်ကလည်း ကုသိုလ် တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်ခဲ့တာပါ။ ဒီအချိန်မှာ ပုဂံတစ်ပြည်လုံးက ရဟန္တာလို့ သမုတ်ခြင်းခံရတဲ့ ပံ့သကူမထေရ်ကြီးကြွလာပြီး၊ ပြည်သူတွေကို ပင်ပန်းဆင်းရဲအောင် လုပ်နေမယ်ဆိုရင် နရပတိစည်သူမင်း ဆက်ကပ်တဲ့ဆွမ်းကို ဘုန်းမပေးနိုင်ဘူးလို့ မိန့်ဆိုတော်မူခဲ့တယ်။

ဒီအခါ ရာဇမာန်ကြီးတဲ့ နရပတိစည်သူမင်းက "တပည့်တော်ဆွမ်းကိုဘုန်းမပေးလိုက ၊
တပည့်တော်ပိုင်တဲ့ တိုင်းပြည်မှာမနေနဲ့"လို့ပြန်လျှောက်တင်ခဲ့တယ်။ ဒီတော့ ပံ့သကူမထေရ်ဟာ သိင်္ဂိုရ်ကျွန်းကို ကူးတော်မူမည်ဆိုပြီး ကြွတော်မူခဲ့တယ်။

နရပတိစည်သူမင်းလည်း  မိမိမှားမှန်း သိလို့၊ ပံ့သကူမထေရ်ကိုပြန်ပင့်ပေးဖို့၊ တုရင်္ဂပစ္စည်း အမတ်ကို စေလွှတ်လိုက်တယ်။ အမတ်ကြီးရဲ့ဉာဏ်ပညာကြီးမှု၊ စကားအလိမ္မာတို့ကြောင့် ပံ့သကူမထေရ်လည်း ပြန်ကြွလာတော်မူခဲ့တယ်။

နရပတိစည်သူမင်းလည်း မထေရ်ကြီးကို ခရီးဦးကြိုပြုပြီး ပလ္လင်ပေါ်မှာ သီတင်းသုံးစေပြီး အပြစ်ကို ခွင့်လွှတ်ဖို့ တောင်းပန် ကန်တော့ ခဲ့ပါတယ်။ နောင်တော့ ဒီပလ္လင်အပေါ်မှာ စေတီတည်ခဲ့တာကြောင့် "ကန်တော့ပလ္လင်စေတီ" လို့အမည်တွင်ကြောင်းမှတ်သားရပါတယ်။

နရပတိစည်သူမင်းဟာ ကန်တော့ပလ္လင် စေတီတော်တည်တာ (၈)နှစ်ကျော်ကြာတယ်လို့ ဆိုပါ တယ်။ သူ့ရဲ့သားတော် ဇေယျသိင်္ခမင်း လက်ထက်ကျမှ အပြီးသတ်နိုင်ခဲ့ပါတယ်။  ဒါတွေဟာ ကန်တော့ပလ္လင်စေတီတော်သမိုင်းကို ကျွန်တော်ဖတ်မှတ်မိသလောက်မျှဝေမိတာပါ။

ဒီအပေါ်မှာ ကျွန်တော် သင်ခန်းစာယူမိတာက -
သမာသမတ်ကျအောင် နတ်အစောင့်အရှောက်ရှိခဲ့တဲ့ ညှပ်ကြီးဟာ လူတွေရဲ့ လှည့်စားမှုအောက်မှာ ကွယ်ပျောက်ခဲ့ရသလို၊ ဥပဒေ ချိန်ခွင်လျှာဟာလည်း ၊ ဥပဒေနဲ့ ဆက်နွယ်နေသူအားလုံးရဲ့ တည်ကြည်
မှု၊ ဖြောင့်မတ်မှု အပေါ်မှာတည်နေတယ်ဆိုတာသတိပြုသင့်ပါတယ်။ ဥပဒေတွေဘယ်လောက်ကောင်း

ကောင်း၊ ဥပဒေရေးရာ တာဝန်ရှိသူတွေ မမှန်မကန်လုပ်ရင်တော့ ညီမျှခြင်းမရှိဘဲ၊ချိန်ခွင်လျှာ တစ်ဖက် စောင်းနင်းဖြစ်နေမှာ ဓမ္မတာပါဘဲ။ အလောင်းစည်သူမင်းကြီးလည်း ဘယ်လောက် ဘုန်းတန်ခိုးကြီးခဲ့ပေမဲ့၊ "ငါနဲ့ငါသာနှိုင်းစရာ"လို့ ပလွှား မောက်မာဝင့်ကြွားပြီး၊ ဘေးတော်၊ ဘိုးတော်တွေထက် မြင့်မြတ်တယ် အထင်ရောက်မှုဟာ၊ မျက်စိကွယ်တဲ့ထိ အပြစ်ခံခဲ့ရသလို၊ ဘယ်ခေတ်မှာမဆို အာဏာရ၊ နေရာရ သွားကြရတဲ့ ဘယ်သူမဆို မာန်ကြွပြီး အောက်ခြေလွတ်မသွားဖို့လိုတယ်ဆိုတာ သတိပြုဆင်ခြင်စေမိပြန်တယ်။

ကိုယ့်ထက် အရည်အချင်းရှိသူတွေ၊ အတိတ်မှာရော၊ ပစ္စုပ္ပန်ကာလ မှာအများကြီးရှိနေတယ်ဆိုတာ သင်္ခန်းစာပေးနေဟန် ရှိပါတယ်။

နရပတိစည်သူမင်းလိုလည်း "ငါ ဘုရင်၊ ငါ အရှင်၊ ငါ့ အမိန့်ကို ဘယ်သူမဆို နာခံရမယ်"ဆိုတဲ့ အတွေးနဲ့ ပြည်သူကို နိုင့်ထက်စီးနင်းမလုပ်ဖို့ နောင်လာနောက်သား မင်းအဆက်ဆက် အာဏာပိုင်တွေကို ဆင်ခြင်တုံတရား ပွားများစေနိုင်ပြန်တယ်။

ဒီလို မင်းတွေ တရားမဲ့လာတဲ့အခါ အမှန်တရားပြသဖို့၊ ပြည်သူ့အရေးကို သနားကရုဏာနဲ့ဖေးမ ကယ်တင်ပေးနိုင်တဲ့ပံ့သကူမထေရ်ကြီးလို ရဟန်းတော်ကြီးများ မြန်မာ့မြေမှာ များများပေါ်ထွန်း နိုင်ပါစေကြောင်းသာ ဆုတောင်းနေမိပါတော့တယ်။

ဆောင်းပါးရှင်။  ။ ဦးခင်မောင်မြင့်(ရွှေမဟာ)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~