တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်အပိုင် သာသနာမြေအတွင်း ကျူးကျော်နေထိုင်သူ (၂၉)ဦးကို ဂေါပကအဖွဲ့မှ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထား

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်အပိုင် သာသနာမြေအတွင်း ကျူးကျော်နေထိုင်သူ (၂၉)ဦးကို ဂေါပကအဖွဲ့မှ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထား
သြဂုတ် 9, 2016
By Tachileik News Agency
ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်၏ မြေစာရင်းပုံစံ (၁၀၅)

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်တွင် အမည်ပေါက် ပုံစံ(၁၀၅)ကျပြီးသော ငွေတောင်ဦးကမ္မဌာန်း ကျောင်းတိုက်ပိုင် နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူ (၂၉)ဦးကို သြဂုတ်လ၏ ပထမပတ် အတွင်းက တာချီလိတ်မြို့မရဲစခန်းတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့က အမှု ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ၊ ပုန်းထွန်ရပ်ကွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းပိုင် တောင်ကုန်းပေါ်တွင် ပုံစံ(၁၀၅/၁၀၆)ရရှိထားသောနေရာ၌ အဆိုပါ ကျောင်းတိုက်မှ ကာရံထားသော သံဆူးကြိုးများကို ဖြတ်တောက်ပြီး ဦးတင်မြင့် အပါအ၀င် လူတစ်စုက ၀င်ရောက်ကျူးကျော်ကာ နေအိမ်များ ဆောက်လုပ်ပြီး နေထိုင်နေသည့်အတွက် ကျောင်းအကျိုးတော်ဆောင်များက ၂၀၁၄ ခုနှစ်ကတည်းက အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း ၎င်းတို့မှ လိုက်နာခြင်းမရှိဘဲ ဆက်လက် ဆောက်လုပ်နေထိုင်နေရာမှ ယခုအခါတွင် ကျုးကျော်နေအိမ်များ တိုးပွားလာပြီး (၂၉)ဦးအထိ ရှိလာသည့်အတွက် ရဲစခန်းတွင် တိုင်ကြားကာ အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်များထံမှ သိရသည်။

"ကျူးကျော်ဝင်ရောက်နေထိုင်သူတွေထဲက တချို့လည်း မဟန်တော့ဘူးဆိုတာသိလို့ ရောင်းပြီး ထွက်သွားကြတာတွေရှိတယ်၊ တချို့ကလည်း ဈေးပေါချောင်ကောင်းရလို့ ၀ယ်ပြီးနေကြတာလည်းရှိတယ်၊ တကယ်တော့ ဒီနေရာဟာ ကျောင်းတိုက်အပိုင် မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရှိပြီးသားနေရာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ခုလောလောဆယ်ကတော့ တရားလို အသိသက်သေတွေကို သြဂုတ်လ(၅)ရက်နေ့က စပြီး စစ်နေပါတယ်။"ဟု ငွေတောင်ဦးကမ္မဌာန်း ကျောင်းတိုက် ဂေါပက ဥက္ကဌ ဦးလှမြင့်က ပြောသည်။

တာချီလိတ်မြို့မရဲစခန်းတွင် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက် ဂေါပက ဥက္ကဌ ဦးလှမြင့်က ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ မြေစာရင်းပုံစံ (၁၀၅) မိတ္တူ(၁)စောင်၊ မြေစာရင်းပုံစံ(၁၀၆)မိတ္တူ(၂)စောင် နှင့် သာသနာမြေအဖြစ် လှူဒါန်းကြောင်း ကတိဝန်ခံချက် မိတ္တူ(၁)စောင်နှင့်အတူ တရားလိုပြုလုပ်၍ တိုင်တန်းရာ ၂၀၁၆ခုနှစ် သြဂုတ်လ(၄)ရက်နေ့ ညနေ(၆)နာရီ (၁၀)မိနစ်အချိန်က တာချီလိတ်မြို့မ ရဲစခန်းမှ (ပ)၁၄၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇အရ အမှုဖွင့်လှစ်ထားရှိပြီး ရဲအုပ်မျိုးလွင်မှ အမှုစစ်အဖြစ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

"၂၀၁၄ခုနှစ် သြဂုတ်လအတွင်းက ဒီနေရာမှာ ကျူးကျော်ထားတာတွေရှိတယ်ဆိုလို့ သွားကြည့်တော့ ကြက်ခြံနဲ့လူနေအိမ် (၂)လုံးတွေ့ပါတယ်။ သူတို့က ကြက်ခြံဆောက်တာပါလို့ပြောတယ်။ အဲ့ဒီအချိန်တုန်းက ၀ါတွင်းကာလဆိုတော့ ဒီအတိုင်း လွှတ်ထားလိုက်ခဲ့တယ်။ အခုတော့ ကျူးကျော်အိမ်တွေများလာပါတယ်။ ၀ယ်ထားသူတွေလည်း ဒီနေရာဟာ ကျောင်းတိုက်အပိုင်မြေဆိုတာသိတော့ ရသလောက်နဲ့ ရောင်းပြီး ထွက်သွားကြတာတွေရှိပါတယ်။ တကယ်တော့ ဒီနေရာဟာ ကျောင်းတိုက်အပိုင်နယ်မြေပါ။ မြေစာရင်းပုံစံ(၁၀၅)ရှိပြီးသားပါ၊"ဟု ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်အပိုင် အဆိုပါမြေနေရာဝန်းကျင်တွင် ၂၀၀၉ခုနှစ် မေလ(၂၆)ရက်နေ့က ခမရ(၃၁၆)တပ်ပိုင်မြေဧရိယာအတွင်း ဆောက်လုပ်နေသော ကျူးကျော်စာရင်းများကို သက်ဆိုင်ရာမှ ကောက်ယူရာတွင် (၂၀၀)ကျော်ရှိခဲ့ရာ အဆိုပါ (၂၀၀)ကျော်ထဲတွင် ယခု ငွေတောင်ဦးကမ္မဌာန်း ကျောင်းတိုက်ပိုင် ဧရိယာအတွင်း၌ ထပ်မံကောက်ခံရရှိသော ကျူးကျော်စာရင်း (၂၉)ဦး မပါရှိသေးကြောင်းနှင့် ၎င်း (၂၉)ဦးသည် ၂၀၁၄ခုနှစ် ၀န်းကျင်ခန့်က စတင်ကျူးကျော် နေထိုင်ခဲ့တာဖြစ်ကြောင်းအပြင် ၎င်းတို့သည် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ကာရံထားသော သံဆူးကြိုးများကို ဖြတ်ကာ ၀င်ရောက်ပြီး နေအိမ်များ ဆောက်လုပ်နေထိုင်ကာ ဆင့်ကဲရောင်းချမှုများဖြင့် နေထိုင်နေသူများ ဖြစ်ကြောင်း သိရသည်။

"တချို့ကလည်း ဒီနေရာမှာ ကျောင်းတိုက်အနေနဲ့ ပိုင်ဆိုင်မှု အထောက်အထားမပြနိုင်ဘူး၊ အထောက် အထား မရှိဘူးဆိုပြီး ၀င်နေကြတာလည်းပါတယ်။ တချို့ကလည်း ကျောင်းတိုက်ရဲ့ ပိုင်ဆိုင်မှု အထောက်အထား ရှိတယ်ဆိုတာသိတော့ထွက်သွားကြတယ်၊ ထွက်သွားတဲ့အခါလည်း ရိုးရိုးမထွက်သွားပဲ လက်သိပ်ထိုးရောင်းချသွားတာတွေလည်း ရှိတယ်"ဟု ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ပြောသည်။

ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ သာသနာပိုင်မြေအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများအား ဖယ်ရှားပေးဖို့ ယခင်က နှုတ်ဖြင့်သာ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း ၎င်းတို့မှ ဖယ်ရှားပေးမှု မရှိကြောင်းနှင့် ကျောင်းတိုက် အနေဖြင့်လည်း ၂၀၁၅ခုနှစ် အတွင်းမှ မြေစာရင်းပုံစံ(၁၀၅)ကို ရရှိသည့် အတွက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါ ကျူးကျော်များအား ရှင်းလင်းဖယ်ရှားပေးရေးနှင့်ပတ်သက်၍ ၂၀၁၆ခုနှစ် မေလ(၃၀)ရက်နေ့က တာချီလိတ်ခရိုင်၊အုပ်ချုပ်ရေးမှူးထံ လိပ်မူ၍ ကျောင်းတိုက်အပိုင် မြေစာရင်းပုံစံ(၁၀၅)၊ (၁၀၆)တို့ဖြင့် အသိပေး မေတ္တာရပ်ခံခဲ့ကြောင်း နှင့် ၂၀၁၆ခုနှစ် ဇူလိုင်လ(၅)ရက်နေ့က တာချီလိတ်မြို့နယ် ၊ အုပ်ချုပ်ရေးမှူး ထံသို့ လိပ်မူ၍ သာသနာမြေအတွင်း ကျူးကျော်နေထိုင်သူများကို ရှင်းလင်းဖယ်ရှားပေးရန် အသိပေးအကြောင်းကြား မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့က လက်မှတ်ရေးထိုးမှု ရုပ်သံ )

ယင်းကျောင်းတိုက်နှင့် ပတ်သက်၍ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၏ မူလကျောင်းထိုင် ဆရာတော် ဖြစ်သော အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ လောကချမ်းသာကျောင်းတိုက်မှ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဆရာတော် ဘဒ္ဒန္တဣန္ဒက သည် အမေရိကန်နိုင်ငံတွင် သာသနာပြုရန်အတွက် လက်ရှိကျောင်းထိုင် ဆရာတော်ဖြစ်သော မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာ ကမ္မဋ္ဌာနာ စရိယ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ၀ိရောစနအား ကျောင်းမြေနှင့်ကျောင်းတိုက်ကို ယခင် က နှုတ်မိန့်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ရာမှ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ နေ့လယ် (၁)နာရီအချိန်က ဒေသအုပ်ချုပ်ရေးအကြီးအကဲများ အပါအ၀င် အသိသက်သေ (၃၆)ဦး၏ ရှေ့မှောက်တွင် တရားဝင်လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့က လက်မှတ်ရေးထိုးမှု)

ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်အား မူလဆရာတော်မှ ၁၉၇၃ခုနှစ် ဇူလိုင်လ(၉)ရက် တနင်္လာနေ့က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ ကျောင်းထိုင်ဆရာတော်မှာ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ ရဟန်း/ရှင်/လူ ပုဂ္ဂိုလ်များအား တရားအလုပ်ပေးကာ သာသနာပြုနေတော်မူလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net