တိုက္နယ္ေဆးရံု ေရႊ႕ေျပာင္းခ်ထားမည္ကို မေက်နပ္သည့္ ေဒသခံ (၅၀၀)ေက်ာ္ မေကြးတြင္ ဆႏၵျပ

တိုက္နယ္ေဆးရံု ေရႊ႕ေျပာင္းခ်ထားမည္ကို မေက်နပ္သည့္ ေဒသခံ (၅၀၀)ေက်ာ္ မေကြးတြင္ ဆႏၵျပ
ဇူလိုင် 11, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္ ေက်ာင္းေတာ္ရာေက်းရြာေဒသအတြက္ ခ်ထားေပးခဲ႔ေသာ တိုက္နယ္ ေဆးရံုအား အျခားေက်းရြာသို႔ ေျပာင္းေရႊ႕ခ်ထားေပးရန္ ဆံုးျဖတ္ခဲ့သည္ကို မေက်နပ္သည့္ ေဒသခံ (၅၀၀)ေက်ာ္က ေက်ာင္းေတာ္ရာေဒသမွ မေကြးၿမိဳ႕သို႔ လာေရာက္ဆႏၵေဖာ္ထုတ္ၾကသည္။

 “ၿပီးခဲ႔တဲ႔ႏွစ္က ပြင့္ျဖဴၿမိဳ႕နယ္မွာ ေရေဘးဒုကၡနဲ႔ၾကံဳေတြ႔ခဲ့ရတုန္းက ေဒသခံေပါင္း တစ္ေသာင္းခုႏွစ္ေထာင္ေလာက္ကို ေက်ာင္းေတာ္ရာေက်းရြာမွာ ကယ္ဆယ္ေရးစခန္းဖြင္႔ၿပီး အကၽြးအေမြးနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင္႔လည္း ၂၀၁၄ ခုႏွစ္က တိုက္နယ္ေဆးရံုခ်ထားေပးဖို႔ ေလွ်ာက္ထားခဲ့တဲ့အေပၚ ၂၀၁၅ ခုႏွစ္ (၇) လပိုင္း ( ၈ )ရက္ေန႔မွာ ခြင့္ျပဳခ်က္ခ်ထားေပးခဲ့ပါတယ္။ အဲဒီလို ေက်ာင္းေတာ္ရာေက်းရြာမွာ ထားရိွဖို႔ ခ်ထားေပးခဲ့တဲ့ တိုက္နယ္ေဆးရံုကို သရက္ေတာေက်းရြာမွာေျပာင္းေရႊ႕ခ် ထားေပးဖို႔ ၂၀၁၆ခုႏွစ္ (၅)လပိုင္းမွာ လက္ရိွဝန္ႀကီးခ်ဳပ္က သေဘာထား မွတ္ခ်က္ေပးခဲ့တာေၾကာင့္ တိုက္နယ္ေဆးရံု ျပန္လည္ရရိွေရးအတြက္ ဆႏၵေဖာ္ထုတ္ၾကတာပါ”ဟု ဆႏၵေဖာ္ထုတ္ပဲြကိုဦးေဆာင္သူ ဦးကံေအးက ေျပာသည္။

ေက်ာင္းေတာ္ရာေဒသမွ လူအင္အား(၅၀၀)ေက်ာ္သည္ ဇူလိုင္(၁၁)ရက္ေန႔ နံနက္ (၉)နာရီခဲြအခ်ိန္ခန္႔တြင္ မေကြးၿမိဳ႕ ကမ္းနားလမ္း၊ ျမဧရာပန္းျခံ အနီးသို႔ေရာက္ရိွကာ ဧရာဝတီတံတားေအာက္တြင္ စတင္စုေဝး၍ ေတာင္းဆိုခ်က္မ်ား ေရးထိုးထားေသာ ဗီႏိုင္းဆိုင္းဘုတ္မ်ားကို ကိုင္ေဆာင္ၿပီး  မေကြးၿမိဳ႕တြင္းသို႔ ခ်ီတက္ လွည့္လည္ခဲ့ၾကျခင္း ျဖစ္သည္။

 “ဘယ္ရြာကို ေပးသင့္သလဲဆိုတဲ့ ႏိွဳင္းယွဥ္ဇယားေပၚမွာ အေျခခံၿပီး သရက္ေတာကို ေပးခဲ့တာပါလို႔ ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ေပမ့ဲ ဇယားမွာတင္ျပထားတဲ့ အခ်က္အလက္ေတြက မွားယြင္းေနရံုတင္မကဘူး အဲဒီဇယားကိုျပဳစုပါတယ္ဆိုတဲ႔ ၿမိဳ႕နယ္စည္ပင္ေကာ္မတီနဲ႔ ၿမိဳ႕နယ္ဖံြ႔ေထာက္ေကာ္မတီ ဥကၠဌေတြက တိုက္နယ္ေဆးရံုေျပာင္းေရႊ႕ဖို႔ကိစၥနဲ႔ပတ္သက္ၿပီး အစည္းအေဝးေခၚယူတာေတြ၊ ေျပာင္းေရႊ႕ဖို႔ သေဘာထားမွတ္ခ်က္ေပးတာေတြ မရိွဘဲ သူတို႔ဆီကလည္း ဘာအၾကံျပဳခ်က္မွ ေတာင္းခဲ႔တာမရိွဘူးဆိုတဲ့ အေၾကာင္း ကၽြန္ေတာ္တို႔ဆီကို စာေတြေပးပို႔ထားတာရိွပါတယ္”ဟု ဦးကံေအးက ဆိုသည္။

၂၀၁၅ခုႏွစ္ ဇူလိုင္လ(၈)ရက္ေန႔တြင္ ျပည္ေထာင္စုအစိုးရမွ ေက်ာင္းေတာ္ရာေက်းရြာတြင္ တည္ေဆာက္ရန္ ခြင့္ျပဳခ်က္ခ်ထားေပးခဲ့ေသာ ၁၆ကုတင္ဆန္႔ တိုက္နယ္ေဆးရံုအတြက္  ၂၀၁၆-၂၀၁၇ ဘ႑ာနွစ္တြင္ ျပည္ေထာင္စုဘတ္ဂ်က္ က်ပ္ သန္း(၃၉၀)ကို ပထမအရစ္အျဖစ္ ခ်ထားေပးခဲ႔ၿပီး ဝန္ထမ္း (၃)ဦးကိုလည္း ခန္႔ထားေပးၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆးရံုမေျပာင္းေရႊ႕ေရးအတြက္ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင္႔ ဝန္ႀကီးဌာနမ်ားထံသို႔ ျပည္သူလက္မွတ္ (၄၀၀၀)ေက်ာ္ျဖင္႔ တင္ျပထားခဲ႔ၿပီးေနာက္ ယခုကဲ႔သို႔ ဆႏၵေဖာ္ထုတ္ပဲြျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ဖီးနစ္
----------------

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာဒေသအတွက် ချထားပေးခဲ့သော တိုက်နယ် ဆေးရုံအား အခြားကျေးရွာသို့ ပြောင်းရွှေ့ချထားပေးရန် ဆုံးဖြတ်ခဲ့သည်ကို မကျေနပ်သည့် ဒေသခံ (၅၀၀)ကျော်က ကျောင်းတော်ရာဒေသမှ မကွေးမြို့သို့ လာရောက်ဆန္ဒဖော်ထုတ်ကြသည်။

 “ပြီးခဲ့တဲ့နှစ်က ပွင့်ဖြူမြို့နယ်မှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့ခဲ့ရတုန်းက ဒေသခံပေါင်း တစ်သောင်းခုနှစ်ထောင်လောက်ကို ကျောင်းတော်ရာကျေးရွာမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး အကျွးအမွေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၄ ခုနှစ်က တိုက်နယ်ဆေးရုံချထားပေးဖို့ လျှောက်ထားခဲ့တဲ့အပေါ် ၂၀၁၅ ခုနှစ် (၇) လပိုင်း ( ၈ )ရက်နေ့မှာ ခွင့်ပြုချက်ချထားပေးခဲ့ပါတယ်။ အဲဒီလို ကျောင်းတော်ရာကျေးရွာမှာ ထားရှိဖို့ ချထားပေးခဲ့တဲ့ တိုက်နယ်ဆေးရုံကို သရက်တောကျေးရွာမှာပြောင်းရွှေ့ချ ထားပေးဖို့ ၂၀၁၆ခုနှစ် (၅)လပိုင်းမှာ လက်ရှိဝန်ကြီးချုပ်က သဘောထား မှတ်ချက်ပေးခဲ့တာကြောင့် တိုက်နယ်ဆေးရုံ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ကြတာပါ”ဟု ဆန္ဒဖော်ထုတ်ပွဲကိုဦးဆောင်သူ ဦးကံအေးက ပြောသည်။

ကျောင်းတော်ရာဒေသမှ လူအင်အား(၅၀၀)ကျော်သည် ဇူလိုင်(၁၁)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်ခန့်တွင် မကွေးမြို့ ကမ်းနားလမ်း၊ မြဧရာပန်းခြံ အနီးသို့ရောက်ရှိကာ ဧရာဝတီတံတားအောက်တွင် စတင်စုဝေး၍ တောင်းဆိုချက်များ ရေးထိုးထားသော ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး မကွေးမြို့တွင်းသို့ ချီတက် လှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။

 “ဘယ်ရွာကို ပေးသင့်သလဲဆိုတဲ့ နှိုင်းယှဉ်ဇယားပေါ်မှာ အခြေခံပြီး သရက်တောကို ပေးခဲ့တာပါလို့ ဝန်ကြီးချုပ်က ပြောခဲ့ပေမဲ့ ဇယားမှာတင်ပြထားတဲ့ အချက်အလက်တွေက မှားယွင်းနေရုံတင်မကဘူး အဲဒီဇယားကိုပြုစုပါတယ်ဆိုတဲ့ မြို့နယ်စည်ပင်ကော်မတီနဲ့ မြို့နယ်ဖွံ့ထောက်ကော်မတီ ဥက္ကဌတွေက တိုက်နယ်ဆေးရုံပြောင်းရွှေ့ဖို့ကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးခေါ်ယူတာတွေ၊ ပြောင်းရွှေ့ဖို့ သဘောထားမှတ်ချက်ပေးတာတွေ မရှိဘဲ သူတို့ဆီကလည်း ဘာအကြံပြုချက်မှ တောင်းခဲ့တာမရှိဘူးဆိုတဲ့ အကြောင်း ကျွန်တော်တို့ဆီကို စာတွေပေးပို့ထားတာရှိပါတယ်”ဟု ဦးကံအေးက ဆိုသည်။

၂၀၁၅ခုနှစ် ဇူလိုင်လ(၈)ရက်နေ့တွင် ပြည်ထောင်စုအစိုးရမှ ကျောင်းတော်ရာကျေးရွာတွင် တည်ဆောက်ရန် ခွင့်ပြုချက်ချထားပေးခဲ့သော ၁၆ကုတင်ဆန့် တိုက်နယ်ဆေးရုံအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျက် ကျပ် သန်း(၃၉၀)ကို ပထမအရစ်အဖြစ် ချထားပေးခဲ့ပြီး ဝန်ထမ်း (၃)ဦးကိုလည်း ခန့်ထားပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံမပြောင်းရွှေ့ရေးအတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးဌာနများထံသို့ ပြည်သူလက်မှတ် (၄၀၀၀)ကျော်ဖြင့် တင်ပြထားခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~