တာချီလိတ်၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးအား ချီးမြှင့်

တာချီလိတ်၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးအား ချီးမြှင့်
ဇူလိုင် 3, 2016
By Tachileik News Agency

 
တာချီလိတ်၊ ဇူလိုင်လ(၃)
ယနေ့ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် တာချီလိတ်၌ မြန်မာအမျိုးသမီးများနေ့ စာတမ်းပါ ဆိုင်းဘုတ် စိုက်ထူခြင်း နှင့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို အောင်မြတ်ခန်းမ၌ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ ၂၀၁၆ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ဂုဏ်ထူးရ (၁၄)ဦးအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြောင်း သိရသည်။

“ကျွန်မတို့ အမျိုးသမီးများရဲ့ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နှင့် အမျိုးသမီးများဘ၀ လုံခြုံမှုရှိစေရန်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ၂၀၀၃ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်မတို့ အမျိုးသမီးရေးရာ အဖွဲ့ဟာ အစိုးရမဟုတ်တဲ့ လူမှုရေးအသင်းအဖွဲ့ တခု သက်သက်သာဖြစ်ပါတယ်။”ဟု တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် က အခမ်းအနားတွင် အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကြိုဆိုဂုဏ်ပြုကာ ကျင်းပ ပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲမှ ဆုရ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး၊ အခမ်းအနား ဖြစ်မြောက်ရေး အတွက် ထောက်ပံ့ပေးသော ဒေသခံ အလှူရှင်များနှင့် အခမ်းအနားတွင် ဖျော်ဖြေ ပေးခဲ့သော ယဉ်ကျေးမှုအဖွဲ့များ ၊ အကဲဖြတ်ဒိုင်များ အပြင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲတွင် စေတနာဖြင့် မိတ်ကပ်လိမ်းချယ်ပေးခဲ့ သူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ၊ အမှတ်တရပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။

တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ပညာရေးနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်အတွင်း ၂၀၁၆ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ဂုဏ်ထူးရ (၁၄)ဦးအား တစ်ဘာသာလျှင် ကျပ်(၃)သောင်းနှုန်းဖြင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net