ကမ္ဘာ့အန္တရာယ်အများဆုံး သက်စွန့်ဆံဖျားကျောင်းတက်နေသူများ

ကမ္ဘာ့အန္တရာယ်အများဆုံး သက်စွန့်ဆံဖျားကျောင်းတက်နေသူများ
ဇူလိုင် 1, 2016
By Tachileik News Agency

ဘာသာပြန်၊ ဇူလိုင်(၁)
ကမ္ဘာပေါ်မှာ သက်စွန့်ဆံဖျား ကျောင်းတက်နေရတဲ့ ကလေးတွေရှိနေတယ်ဆိုတာ သတိပြုမိပါသလား။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ အားတူလာကျေးရွာမှ ကလေးတွေဟာ ကျောင်းကိုရောက်ဖို့ မတ်စောက်လှတဲ့ ကျောက်တောင်စွန်းကနေ သက်စွန့်ဆံဖျား အတက်အဆင်းလုပ်ပြီး ကျောင်းတက်နေကြရပါတယ်။

ဒီကလေးတွေဟာ ပေပေါင်း (၂,၆၂၄)မြင့်တဲ့ ကျောက်တောင်နံရံမှာ ကပ်ပြီးပြုလုပ်ထားတဲ့ လှေကားကို တွယ်ပြီး အတက်အဆင်း လုပ်နေကြရတာပါ။ ကလေးတွေဟာ ဒီခရီးကိုဖြတ်ဖို့ အချိန်နှစ်နာရီလောက် ကြာပါတယ်။

စီချွမ်ပြည်နယ်က တာဝန်ရှိသူတွေအဆိုအရ အန္တရာယ်များလွန်းတဲ့ လမ်းခရီးကြောင့် ကလေးငယ် (၈)ဦးနီးပါး သေဆုံးခဲ့ရပြီလို့ သိရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့်လည်း အားတူလာရွာက ကလေးအတော်များများဟာ ကျောင်းနေအရွယ်ရောက်တဲ့အထိ ပညာမသင်နိုင်သေးသူတွေ အများကြီး ရှိနေပါတယ်။

ကျောင်းသွားဖို့ အန္တရာယ်များလှတဲ့ ကျောက်တောင်စွန်းကို ခက်ခက်ခဲခဲ တွယ်တက်နေတဲ့ ကလေးတွေထဲမှာ အငယ်ဆုံးက ခြောက်နှစ်အရွယ်ထိ ပါပါတယ်။ တရုတ်နိုင်ငံအနောက် တောင်ပိုင်းက ပေပေါင်း (၂,၆၂၄)မြင့်တဲ့ တောင်ထိပ်မှာရှိတဲ့ သူတို့နေထိုင်တဲ့ ကျေးရွာကနေ တောင်ခြေရွာမှာ ရှိတဲ့ကျောင်းကို ခြေလျင်ကျောင်းတက်နေကြရတဲ့ ကလေးတွေအကြောင်းကို People’s Daily Online နဲ့ Huanqiu တို့က တင်ပြခဲ့တာဖြစ်ပါတယ်။

ကလေးတွေ ကျောင်းတက်နေတဲ့ ဓာတ်ပုံတွေကို ဒီနှစ်ရဲ့ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့တွေက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီကလေးတွေဟာ ကျောက်တောင်စွန်းလှေကား (၁၇) ခုကို နှစ်နာရီကြာအောင် ဖြတ်သန်းကြရတယ်လို့ သိရပါတယ်။

အသက် (၆)နှစ်ကနေ (၁၅)နှစ်အရွယ်အထိ ကျောင်းသားလေးတွေဟာ လေးလံတဲ့ကျောပိုးအိတ်တွေ သယ်ပိုးရင်း ကျောင်းသားမိဘသုံးဦးက ကျောင်းလိုက်ပို့ပေးတာဖြစ်ပါတယ်။

ဒီရွာမှာ အိမ်ထောင်စုပေါင်း (၇၂) စုသာရှိပြီးတော့ အများစုက ငရုတ်သီးစိုက်ပျိုးကြတာပါ။
ကလေးတွေဟာ ကျောင်းမှာ နှစ်ပတ်လောက်နေပြီးမှ တောင်တက်ခရီးကနေ အိမ်ကို ပြန်ကြပါတယ်။ ကလေးတွေ ကျောင်းသွား ကျောင်းပြန် တောင်တက်ခရီးကို သူတို့မိဘတွေက လိုက်ပို့ လိုက်ကြိုပေးကြပါတယ်။

လူကြီးတွေအနေနဲ့တော့ တောင်တက်ခရီးဟာ တစ်နာရီခွဲကြာပြီး တောင်အောက်ဆင်းဖို့ တစ်နာရီလောက်ပဲ ကြာပါတယ်။ ကလေးတွေအတွက်ကတော့ လှေကားတွေက တက်ရတာ အန္တရာယ်များလွန်းလှသလို အချိန်ကလည်း နှစ်နာရီလောက် ကြာပါတယ်။ ကလေးငယ်တွေရဲ့ ကျောပိုးအိတ်နဲ့ ကြိုးကိုချည်ထားပြီး လုံခြုံမှုရှိအောင်တော့ ကျောင်းသားမိဘတွေက ကြိုးစားကြပါတယ်။ ဒါပေမဲ့ မိုးရာသီနဲ့ နှင်းကျတဲ့အချိန်တွေမှာတော့ ဒီခရီးက ပိုခက်ခဲသွားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀)ကျော်ကတည်းက ရှိခဲ့တဲ့ရွာကလေးဟာ မြေဆီသြဇာကောင်းလှသလို ရွာသူရွာသားတွေကလည်း ဘဝကို ကျေနပ်နေသူတွေပဲဖြစ်တာကြောင့် ပြင်ပအဆက်အသွယ် မရှိသလောက်ဖြစ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

ဒါပေမဲ့ အခုရွာသူရွာသားတွေကတော့ တာဝန်ရှိသူတွေကို ရွာကို လမ်းဖောက်ပေးစေချင်နေပါတယ်။ ဒီဒေသက လူဦးရေနည်းလွန်းတာနဲ့ လမ်းဖောက်လုပ်ဖို့ ကုန်ကျစရိတ်ကြီးလွန်းတာကတော့ အာဏာပိုင်တွေအတွက် ခေါင်းကိုက်စရာဖြစ်နေပါတယ်။

“အဓိက ပြဿနာက ရွာသားတွေကို တခြားဒေသကို ပြောင်းပေးလိုက်ရင်ရပါတယ်။ ဒါပေမဲ့ သူတို့မှာ အလုပ်အကိုင် ပြဿနာဖြစ်လာနိုင်တယ်။ ဒီမှာက မြေဆီသြဇာကောင်းတယ်။ စိုက်ပျိုးရေးကောင်းတယ်။ ဒီဒေသကို လမ်းဖောက်ရင် ယွမ် (၆၀) မီလီယံလောက်ကုန်မှာ၊ ဒါပေမဲ့ လူဦးရေက နည်းလွန်းတယ်။”လို့ ဒေသအာဏာပိုင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ အစိုးရက ဒီဒေသမှာ သိုးမွေးမြူရေးအတွက် ယွမ်တစ်မီလီယံ ရင်းနှီးမြှုပ်နှံပေးထားပါတယ်။ နောက်ပိုင်းမှာတော့ ဒီဒေသကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့လည်း မျှော်မှန်းထားကြပါတယ်။

ဘာသာပြန်၊ ၊ ‪#‎ဇာနှင်းထိုက်‬
Ref; People’s Daily Online, Huanqiu, dailymail.co.uk

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~