ကျိုင်းတုံနွေစပါးစိုက်ဧက ယခင်နှစ်ထက် နည်းသော်လည်း အထွက်နှုန်းကောင်း

ကျိုင်းတုံနွေစပါးစိုက်ဧက ယခင်နှစ်ထက် နည်းသော်လည်း အထွက်နှုန်းကောင်း
ဇွန် 13, 2016
By Tachileik News Agency

ကျိုင်းတုံ၊ ဇွန်လ (၁၃) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့်နှစ်ထက် နွေစပါးစိုက်ဧကနည်းခဲ့သော်လည်း စပါးအထွက်နှုန်းများ ကောင်းမွန်ကြောင်း ကျိုင်းတုံမြို့နယ် ဆန်စပါး ကုန်သည်ကြီးများအသင်းထံမှ သိရသည်။

"ဒီနှစ် နွေစပါးမစိုက်ခင်မှာ စပါးဈေးကွက် အပြောင်းအလဲလေးဖြစ်သွားပြီးတော့ နွေစပါးစိုက်ဧကတွေ နည်းသွားတယ်။ နှစ်တိုင်း နွေစပါးစိုက်တဲ့ တချို့တောင်သူတွေက မစိုက်တော့တာတို့၊ စိုက်တဲ့သူကလည်း စိုက်ဧကတွေ လျှော့ပြီးစိုက်တာတို့ကို တွေ့ ရတယ်။ ဒါပေမဲ့ စပါးအထွက်နှုန်းတွေက ကောင်းပါတယ်။ စပါး အထွက်နှုန်းကို ကျွန်တော်တို့  ကောင်း/သင့်/ညံ့  ဆိုပြီး ခွဲတဲ့နေရာမှာ ကောင်းတဲ့လယ်တွေက တစ်ဧကကို တင်း(၁၂၀)ကနေ တင်း(၁၅၀)အထိထွက်ပါတယ်။"ဟု ကျိုင်းတုံမြို့နယ် ဆန်၊စပါးကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမုန်းကိုက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပြည်ပသို့  ဆန်တင်ပို့မှုများ ပိတ်ခဲ့သည့်အတွက် စပါးဈေးကျမည်ကို စိုးရိမ်ခဲ့ကြပြီး နွေစပါးစိုက်ဧကများ လျော့နည်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ကျိုင်းတုံမြို့၌ နွေစပါးစိုက်ဧက (၁,၀၀၀)ခန့်ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် စိုက်ဧက (၆၀၀)ခန့်သာရှိတော့ကြောင်း သိရသည်။

နွေစပါးစိုက်ဧကများအနက် ဆည်ရေသောက်လယ်များတွင် စပါးအထွက်နှုန်းကောင်းခဲ့သော်လည်း ချောင်းရေသွင်းသည့် လယ်များတွင် အထွက်နှုန်း အသင့်အတင့်သာရှိကြောင်း သိရသည်။

"ဒီနှစ်က ပြီးခဲ့တဲ့နှစ်ထက်စာရင် အထွက်နှုန်းက နည်းနည်းကျလာတယ်။ ပြီးခဲ့တဲ့နှစ်က တင်း(၁၆၀)လောက် ထွက်တယ်။ ဒီနှစ်ကျတော့ တင်း(၁၃၀)ပဲထွက်တယ်။ လယ်ထဲကို ချောင်းရေသွင်းပြီးစိုက်ရတာပါ။ ဒီလို အထွက်နှုန်းကျတာက ရေမလုံလောက်လို့ပါ။ စပါးနှံထွက်လာတာနဲ့  လယ်ကွင်းထဲမှာက ရေမရှိတော့ဘူး။"ဟု စပါးစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးယာဆာက ပြောသည်။

ကျိုင်းတုံမြို့မှ ဆန်စပါးများကို မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျှက်ရှိပြီး တစ်ပတ်လျှင် ဆန်တန်ချိန်(၁၀၀)ခန့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~