ယုံကြည်ချက် ခိုင်မာသူတို့ရဲ့ အောင်ပွဲ - ပညာရေးဆောင်းပါး

ယုံကြည်ချက် ခိုင်မာသူတို့ရဲ့ အောင်ပွဲ - ပညာရေးဆောင်းပါး
ဇွန် 26, 2016
By Tachileik News Agency
ယုံကြည်ချက် ခိုင်မာသူတို့ရဲ့ အောင်ပွဲ။  ။ ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း)

တာချီလိတ်မြို့နယ်ကနေ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးနိုင်ရန်အတွက် ကျွန်တော်တို့တွေ ဆွေးနွေးကြရင်း နောက်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေမှာ တာချီလိတ်မြို့အနေနဲ့ အောင်ချက်ကောင်းများ ရရှိစေဖို့ကိုလည်း ဆွေးနွေးကြတဲ့အခါမှာ ဆရာ၊ဆရာမများ ပြောပြလာတာကတော့ တာချီလိတ်မြို့က ကျောင်းသား အများစုဟာ (၉)တန်း၊ (၁၀)တန်းကို ရောက်ပြီဆိုရင် အခြားမြို့တွေကို ပြောင်းရွှေ့သွားကြတာမျိုး နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်နေပါတယ်လို့ ကျွန်တော် သိခွင့်ရခဲ့ပါတယ်။

တကယ်တော့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားလေးတွေကို ငယ်စဉ်ကတည်းက သေသေချာချာ ပြုစုပျိုးထောင်လာခဲ့ပြီးတော့ ထူးထူးချွန်ချွန် ဖြစ်နိုင်မယ်လို့ မျှော်လင့်ရတဲ့ ကျောင်းသားလေးတွေ တော်တော်များများဟာ အဲဒီလိုတွေ ပြောင်းရွှေ့သွားကြတဲ့အခါ သူတို့မှာလည်း စိတ်မကောင်းဖြစ်ရပါတယ်တဲ့ဗျာ၊

အဲဒီလိုပြောင်းရွှေ့သွားခြင်းဟာ ကျောင်းတွေအတွက် အောင်ချက်လျော့စေခဲ့တာ တစ်စိတ်တစ်ဒေသ မှန်ပေမဲ့ သေချာတွေးကြည့်ရင် ကျောင်းသား မိဘနဲ့ကလေးတွေမှာလည်း အများကြီး နစ်နာမှုတွေရှိပါတယ်လို့ ပြောပြပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ဆုပေးပွဲမှာ ကျွန်တော်နဲ့ ဆုံတွေ့ခဲ့ရတဲ့ တာချီလိတ်မြို့နယ်ရဲ့ (၄)ဘာသာဂုဏ်ထူးရှင် မောင်နေမင်းထွန်းရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ သူ့ဘဝအကြောင်း တစ်စိတ်တစ်ဒေသကို သိခွင့်ရခဲ့ပါတယ်။

မောင်နေမင်းထွန်းကို တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်နေ ဖခင် ဦးမြင့်အောင်နဲ့ မိခင် ဒေါ်အေးညွှန့်  တို့က ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်းညီအစ်ကို (၃)ဦးရှိတဲ့အနက် အငယ်ဆုံးသား တစ်ဦးဖြစ်ပါတယ်။

မောင်နေမင်းထွန်းရဲ့ ဖခင်ဟာ လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသူဖြစ်ပြီး မိခင်ဖြစ်သူကတော့ ခင်ပွန်းဖြစ်သူရဲ့ အလုပ်ရှင်အိမ်မှာ အိမ်မှုကိစ္စများကို ဝိုင်းဝန်းကူညီ လုပ်ကိုင် ပေးသူဖြစ်ပေမဲ့ သားဖြစ်သူကို ပုဂ္ဂလိက ကျောင်းတစ်ခုမှာ ကျောင်းထားပေးခဲ့တာလို့ သိရပါတယ်။

(၄)ဘာသာ ဂုဏ်ထူးရှင် မောင်နေမင်းထွန်း အား တာချီလိတ် စစ်ဗျူးဟာမှူးမှ ဂုဏ်ပြုဆုချီးမြှင့်စဉ်

“ကျွန်တော့်မိဘတွေက သူများတွေလို ငွေကြေး ပြည့်ပြည့်စုံစုံရှိလို့ ရွှေမဟာကိုယ်ပိုင်အထက်တန်း ကျောင်းမှာ ထားပေးရတာ မဟုတ်ဘူးဆိုတော့ ကျောင်းစရိတ် အတွက်ကိုပဲ ငွေကြေးကုန်ကျခံစေပါတယ်။ စားစရိတ်ကို ကျွန်တော့်အတွက် သီးသန့် အကုန်အကျမခံစေဘဲ အိမ်က ချက်တဲ့ထမင်းနဲ့ဟင်းကိုပဲ ချိုင့်နဲ့ပို့ပေးစေပါတယ်”လို့ မောင်နေမင်းထွန်းက ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။

ကျောင်းသုံးပစ္စည်းတွေ လိုအပ်လို့ မှာလိုက်ရင်လည်း မိဘတွေက ချက်ချင်းလာပို့လေ့ရှိတယ်လို့လည်း ထပ်မံပြီး သူပြောပါတယ်။

“ကျွန်တော့်မိဘတွေဟာ မရှိတဲ့ကြားက ခြိုးခြံချွေတာပြီး ကျောင်းထားပေးတာဆိုတော့ ကျွန်တော်လည်း ပညာသင်ဆု ရအောင် အစွမ်းကုန်ကြိုးစားပြီး ဖြေခဲ့ပေမဲ့ နဝမတန်းအောင်စာရင်းထွက်လာတော့ ကျွန်တော့်အဆင့်(၄)ပဲ ရခဲ့တယ်”လို့ မောင်နေမင်းထွန်းက နဝမတန်းအောင်စာရင်းအကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

(၄)ဘာသာ ဂုဏ်ထူးရှင် မောင်နေမင်းထွန်း အား ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်မှ  ဂုဏ်ပြုဆုချီးမြှင့်စဉ်

သူတက်ရောက်ခဲ့တဲ့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းအနေနဲ့ နဝမတန်းမှာ အဆင့်(၁၊၂၊၃)ရရှိတဲ့ ကျောင်းသားတွေကို ဆယ်တန်းနှစ် ပညာသင်ဆုပေးလေ့ရှိတာဖြစ်ပေမဲ့ အဲ့ဒီနှစ်မှာ ဆုရရှိခဲ့တဲ့ (၃) ဦးလုံးက ရန်ကုန်နဲ့ မန္တလေးမြို့တွေကို ကျောင်းပြောင်းရွှေ့ကြပြီး သွားရောက်ပညာသင်ကြားတာကြောင့် နဝမတန်းမှာ အဆင့်(၄)နဲ့အောင်မြင်ခဲ့တဲ့ မောင်နေမင်းထွန်းက ကံကြမ္မာအလှည့်အပြောင်းကြောင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းကို အခမဲ့ ပညာသင်စရိတ်အနေနဲ့ ပညာသင်ကြားခွင့်ရရှိပြီး တက်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရရှိတဲ့ အခွင့်အလမ်းကို လက်လွတ်မခံဘဲ ဆက်လက်ကြိုးစားခဲ့ပြီးတော့ ဒီနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှာ တာချီလိတ်မြို့ရဲ့ တစ်ဦးတည်း(၄)ဘာသာဂုဏ်ထူးရှင် အဖြစ်နဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။

“ မောင်နေမင်းထွန်းအနေနဲ့ အဆင့်(၄)သာရရှိခဲ့ပေမဲ့ စာကြိုးစားတဲ့ကျောင်းသားတစ်ဦးဆိုတာ သိရှိထားသလို သူ့မိဘတွေမှာ နွမ်းပါးသူများဖြစ်ကြပေမဲ့ ရွှေမဟာကျောင်းအပေါ် ယုံကြည်ချက် အပြည့်ထားရှိပြီး ကျောင်းထားပေးတာတွေကို သုံးသပ်ပြီးတော့ မောင်နေမင်းထွန်းကို ပညာသင်ဆု ပေးခဲ့တာ ဖြစ်ပါတယ်”လို့ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ဆိုပါတယ်။

ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရခဲ့တဲ့ မောင်နေမင်းထွန်းဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ဘောဂဗေဒ ဘာသာရပ်(၄)ခုမှာ ဂုဏ်ထူးရရှိခဲ့တာဖြစ်ပါတယ်။

တာချီလိတ်မြို့နယ်ထဲက (၉)တန်းကို အောင်မြင်ထူးချွန်စွာ ကြိုးစားပြီး ဖြေဆိုတဲ့ ကလေးငယ်တွေအနေနဲ့ တကယ်တော့ ဒီကျောင်းတွေမှာသာ ဆက်တက်နေလည်း ဒီကျောင်းသားတွေဟာ ကျိန်းသေပေါက်အောင်မှာပါပဲတဲ့။ မိဘတွေအနေနဲ့လည်း ငယ်စဉ်ကတည်းက ပညာသင်ကြားပေးတဲ့ ကျောင်းတွေကို ယုံကြည်ချက်ထားပြီး ဆက်လက်ပညာသင်ကြားဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပါရစေ၊

တကယ်တော့ တခြားမြို့တွေကို ပြောင်းရွှေ့ သွားကြတော့ (၉)တန်း၊ (၁၀)တန်း ကျောင်းသားအရွယ်ဆိုတာ မိဘတွေရဲ့ စောင့်ရှောက်မှု အရိပ်အာဝါသအောက်မှာ ရှိနေရမှာပါ။ အဲ့လို တခြားမြို့တွေမှာ ထားလိုက်တော့ မိဘစောင့်ရှောက်မှုအောက်က လွတ်သွားသလို ဖြစ်နေပါတယ်တဲ့။ တခြားအကြောင်းတွေလည်း များစွာပြောပြပါသေးတယ်။ အရှည်ကြီးမပြောတော့ပါဘူးတဲ့။

(၄)ဘာသာ ဂုဏ်ထူးရှင် မောင်နေမင်းထွန်း နှင့် ဦးတင့်ဆွေ ( စာရေးသူ )အမှတ်တရ

ဘာတွေပဲ ဖြစ်ဖြစ်ပါ မိဘတွေအနေနဲ့ မိမိတို့ သားသမီးများ(၉)တန်း (၁၀)တန်းရောက်လာပြီဆိုရင် သားသမီးတွေကို ရင်အုပ်မကွာစောင့်ရှောက်ကြရင်း မိမိမြို့ရွာအတွက် ဂုဏ်တက်စေမယ့် အနာဂတ်ရဲ့သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ပေါက်လာအောင် မွေးထုတ်ပေးနိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

"ယုံကြည်ချက် ခိုင်မာသူတို့ရဲ့အောင်ပွဲ" ၏ အဓိကဇာတ်လိုက်များဖြစ်ကြတဲ့ မောင်နေမင်းထွန်းနဲ့ မောင်နေမင်းထွန်းရဲ့ မိဘနှစ်ပါး၊ ဆရာသမားများအား လေးလေးစားစားဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျာ။

ဆောင်းပါးရှင်။  ။ ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~