ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့် မွေးနေ့ အခမ်းအနား တာချီလိတ်၌ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့် မွေးနေ့ အခမ်းအနား တာချီလိတ်၌ ပြုလုပ်
ဇွန် 19, 2016
By Tachileik News Agency

 ယနေ့ ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် နံနက်ပိုင်းတွင်  တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (ဆန်ဆိုင်း)၌ သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းပြုလုပ်ခဲ့ပြီးနောက် တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မွေးနေ့အလှူအဖြစ် သံဃာတော်များအား နေ့ဆွမ်းကပ်လှူခြင်း၊ ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း နှင့် မွေးနေ့ကိတ်ခွဲခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တရ ပစ္စည်းများအား ယနေ့ ညနေပိုင်းအချိန်အထိ အဆိုပါရုံး၌ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)၌ သစ်ပင်များ စိုက်ပျိုးရာတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ပိတောက်၊ စွယ်တော်၊ ချယ်ရီ နှင့် သပြေ စသည့် သစ်ပင်အမျိုးပေါင်း (၈)မျိုး ပါဝင်သည့် စုစုပေါင်းအပင် (၇၂)ပင်တို့အား လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီဝင်များ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ အထက(ဆန်ဆိုင်း)မှ ဆရာ၊ဆရာမများမှ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် ဇီဝိတဒါနအဖြစ် ငါးလွတ်ခြင်းနှင့် ညပိုင်းတွင် တာချီလိတ်မြို့ရွှေတိဂုံစေတီတော်၌ စုပေါင်း၍ ဆီမီးပူဇော်သွားမှာ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ။ ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net