ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရန်အတွက် မိုင်းဖြတ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရန်အတွက် မိုင်းဖြတ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ
ဇွန် 23, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၂၃)ရက်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်သူ့လွှတ်တော်မှ ချပေးထာသော ကျပ်သိန်း(၁၀၀၀)အား မိုင်းဖြတ်မြို့နယ်အတွင်းလိုအပ်သော သောက်သုံးရေနှင့် လျှပ်စစ်မီး၊ လမ်းတံတားများ တည်ဆောက်မှုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မိုင်းဖြတ်၌ ဇွန်လ(၂၃)ရက်နေ့တွင် ကျင်းပသည့်  လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲမှ သိရသည်။

မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းမှ မိုင်းဖြတ်မြို့ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံအား ရှင်းလင်းပြီး ပြည်သူ့လွှတ်တော်မှ ချပေးသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)အသုံးပြုရန်နှင့်ပါတ်သက်၍ ဆွေးနွေးခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ သောက်သုံးရေနှင့် လျှပ်စစ်မီး၊ လမ်းတံတားများတည်ဆောက်မှုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

"တခြား ကိုယ်စားလှယ်တွေကတော့ ဒီရန်ပုံငွေတွေသုံးစွဲဖို့ အထောက်အကူပြုအဖွဲ့ကော်မတီ(၃)ရပ်ဖွဲ့တဲ့အခါ မဲဆန္ဒနယ်ထဲက ပါတီခေါင်းဆောင်တွေကို ထည့်သွင်းတာမရှိပေမဲ့ ကျွန်တော်ကတော့ ဒီရန်ပုံငွေတွေ လေလွှင့်ဆုံးရှုံးပြီး အရင်လွှတ်တော်တုန်းကလို ဇီးသီးဗန်းမှောက်ပုံစံမျိုးမဖြစ်ရအောင် ဒေသတွင်း ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေရဲ့ အကြံဥာဏ်နဲ့ အထောက်အကူပြုအဖွဲ့တွေရဲ့ အကြံဥာဏ်တွကိုရယူပြီးစိစစ်သုံးစွဲသွားဖို့ စဉ်းစားထားတယ် "ဟု  မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက  ပြောသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)အား သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ အနက်မှ သုံးဦးတို့က ဘဏ္ဍာငွေ သုံးစွဲရေး ကော်မတီ တစ်ရပ်ဖွဲ့ကာ ပူးပေါင်း သုံးစွဲရမည်ဖြစ်ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများပြုလုပ်နိုင်ရန် အတွက် ဥပဒေပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။  ။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~