ကျောက်မဲဆန္ဒထုတ်ဖေါ်ပွဲမှ ဒေသတွင်းလူထု၏ စိုးရိမ်မှုများကို ပုံဖေါ်ခြင်း ( ဆောင်းပါး )

ကျောက်မဲဆန္ဒထုတ်ဖေါ်ပွဲမှ ဒေသတွင်းလူထု၏ စိုးရိမ်မှုများကို ပုံဖေါ်ခြင်း ( ဆောင်းပါး )
မေ 21, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း တပ်မတော်၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် RCSS/SSA၊ SSPP/SSA နှင့် တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် TNLA တို့၏ တိုက်ပွဲများကြောင့် ဒေသတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များ ရှိနေဆဲဖြစ်ပြီး နှစ်ကာလများစွာ တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များ အရေးကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

သက်တမ်း နှစ်လသာရှိသေးသည့် အစိုးရသစ်အနေနဲ့ ပြီးခဲ့တဲ့အစိုးရသက်တမ်းက လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကို ဆက်လက် လုပ်ဆောင်နေရန် ကြိုးစားနေဆဲဖြစ်ပြီး ပြည်နယ်များမှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

ရှမ်းပြည်နယ်အစိုးရနဲ့ ရှမ်းပြည်နယ်လွှတ်တ်ာအနေနဲ့လည်း ပြည်နယ်အတွင်းက တိုက်ပွဲများ၊ စစ်ဘေးရှောင်များ အရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာလုပ်ဆောင်နိုင်ခြင်းမရှိသေးချိန်မှာပဲ ဒေသတွင်း ကွဲပြားတဲ့လက်နက်ကိုင် အဖွဲ့များရဲ့ တိုက်ပွဲများဒဏ်ကို ခါးစည်းခံနေရတဲ့ ပြည်သူတွေကြားမှာ တိုက်ပွဲများဖြစ်ရတဲ့ နိုင်ငံရေးအနေအထားကို မမြင်သာဘဲ လူမျိုးရေးပဋိပက္ခဘက်ကို ဦးတည်လာတဲ့အခြေအနေတွေကို တွေ့နေရတယ်လို့ ဒေသတွင်းမှာ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

သူတို့ရဲ့စိုးရိမ်မှုတွေ ဖြစ်လာရတာက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ မေလ (၂၈) ရက်က ကျောက်မဲမြို့နဲ့ အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများနှင့် သံဃာတော်များပါဝင်တဲ့ အင်အား (၃၅၀၀)ကျော်လောက်က စစ်ပွဲရပ်တန့်ရေး ဆန္ဒထုတ်ဖေါ်ရာမှာ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ TNLA ကိုပဲ ကန့်ကွက်လိုက်တာကြောင့်ပါ။

"လူအင်အား (၃၅၀၀)ကျော်နဲ့ ကမ္ဗောဇရှမ်းကျောင်း ဘုန်းတော်ကြီးသင်ကျောင်းမှာစုရပ်လုပ်ပြီး ရှမ်းကျောင်းကနေ ပင်လုံလမ်းဆုံအဆုံး ပြီးတော့အောင်ဆန်းလမ်းကနေပြန်ကွေ့ပြီး မြို့တွင်းတစ်ပတ် အေးချမ်းစွာ စီတန်းလှည့်လည်တာပါ။ လမ်းတလျှောက် ကြွေးကြော်ခြင်းများ မရှိပါဘူး"လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုသားဇော်က သူတို့ ဆန္ဒထုတ်ဖေါ်ခဲ့တဲ့ အခြေအနေကို ပြောပါတယ်။

ဒီလိုဆန္ဒပြတောင်းဆိုရတာဟာ ကျေးရွာအတွင်း လူသတ်၊ မီးရှို့၊ ဆတ်ကြေးကောက်၊ လူသစ်စုဆောင်းမှုတွေ လုပ်နေတာတွေကနေ ကင်းလွတ်ချင်တာကြောင့် လုပ်တာလို့ သူဆိုပါတယ်။

ဒါပေမဲ့ ဒီလိုဆန္ဒထုတ်ဖေါ်ရာမှာ ဒေသတွင်း တိုက်ပွဲတွေဖြစ်ရာမှာ ပါဝင်တဲ့ တပ်မတော်၊ RCSS/SSA၊ SSPP/SSA၊ TNLA တွေကမှ TNLA တစ်ဖွဲ့ကိုသာ ကန့်ကွက်နေတာကြောင့် ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF)ကနေ လူမျိုးရေးပဋိပက္ခများ ရှောင်လွှဲနိုင်ရေးအတွက် တအာင်းရဟန်းသံဃာတော်များနဲ့ မိဘပြည်သူများအား သဘောထားထုတ်ပြန်ချက်တစ်စောင်ကို မေလ (၂၈)ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ဒီဆန္ဒထုတ်ဖေါ်မှုနဲ့ပတ်သက်လို့ တအာင်းကျောင်းသားလူငယ်များအဖွဲ့က မိုင်မျိုးအောင်က ပြောတာကတော့ “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒါက နိုင်ငံရေးအရ ဖေါ်ဆောင်တာမဟုတ်ဘဲ လူမျိုးရေးအရ လုပ်ဆောင်သလို ဖြစ်နေတာပေါ့နော်။ လူမျိုးရေးပဋိပက္ခကို ဖြစ်စေတယ်လို့မြင်တယ်။ ဒီသတင်း ဖေ့စ်ဘုတ်မှာ ရောက်လာပြီးကတည်းက တအာင်းတွေဘက်ကလည်း အပြိုင်အဆိုင်ပြမယ်ဆိုတာတွေ ဖြစ်လာတယ်။ ဒါမျိုးတွေ ဖြစ်မလာဖို့ ကျွန်တော်တို့ အချိန်မီ ထိန်းသိမ်းရပါတယ်။”လို့ ဆိုပါတယ်။

ဒေသတွင်း တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာနေထိုင်တဲ့ လူမျိုးအားလုံးကို ထိခိုက်တာဖြစ်လို့ တိုက်ပွဲတွေရပ်ဖို့ သဘောထားကိုတော့ သူတို့လည်း ထောက်ခံတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွေရပ်ဖို့ကိစ္စကို ကျွန်တော်တို့ ဘာမှ ငြင်းစရာမရှိပါဘူး။ ဒါက ရှမ်းလူမျိုးတွေပဲ ခံနေရတာမဟုတ်ပါဘူး။ ဒီဒေသမှာရှိတဲ့ လူတိုင်းခံစားနေရတာပါ။ ဒါက အဖွဲ့တစ်ဖွဲ့တည်းကြောင့် ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက နိုင်ငံရေး ပြဿနာပါ။”လို့ မိုင်မျိုးအောင်က ဆိုပါတယ်။

ဒီဆန္ဒထုတ်ဖေါ်ပွဲကို ရှမ်းဗုဒ္ဓဘာသာရဟန်းသံဃာတော်များဦးဆောင်ခဲ့တာဖြစ်ပြီး ဒီလို ဆန္ဒဖေါ်ထုတ်ရာမှာ ဖြစ်နေတဲ့ အကြောင်းရင်းတွေထက် လက်တွေ့ဒေသခံများကြုံနေရတဲ့ အခြေအနေတစ်ခုကိုသာ  ဖေါ်ပြတာကြောင့် အခုလို တဖက်စောင်းနင်းပုံစံဖြစ်သွားတာလို့ ရှမ်းလူငယ်အဖွဲ့က သုံးသပ်ပါတယ်။

“ပထမအနေနဲ့ စစ်ပွဲရပ်ချင်တဲ့ ပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ကတော့ ဖြစ်တဲ့ကိစ္စမှာ ပြည်သူလူထုရဲ့အမြင်က အဖြေမှန်ကို မဖေါ်ထုတ်ဘဲနဲ့ မြင်နေတာလို့ သုံးသပ်မိတယ်။ ဒီတိုက်ပွဲတွေမှာဆို ပါဝင်နေတဲ့ အဖွဲ့တွေမှာ RCSS ရှိမယ်။ မြန်မာ့တပ်မတော်ရှိမယ်။ TNLA ရှိမယ်။ ဒါတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို ပြည်သူတွေက ကောင်းကောင်းမသိဘူး။ သူတို့လက်တွေ့ ကြုံနေရတာကိုပဲ ဖေါ်ပြတာကြောင့် အခုလိုဖြစ်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက ဒီနောက်ကွယ်မှာ သူ့အကျိုး၊ ကိုယ့်အကျိုးအတွက် ကစားနေတဲ့ အဖွဲ့တွေလည်း ရှိမယ်လို့ မြင်တယ်”လို့ ရှမ်းလူငယ်အဖွဲ့ရဲ့ ဆက်ဆံရေး တာဝန်ခံဖြစ်တဲ့ စိုင်းဦးက ဆိုပါတယ်။

ဒါပေမဲ့ ဆန္ဒထုတ်ဖေါ်ပွဲမှာ သုံးနှုန်းသွားတဲ့ အသုံးအနှုန်းတွေကြောင့် ဒေသတွင်းက ပဋိပက္ခဟာ ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးတွေအကြား စိုးရိမ်စရာကောင်းတယ်လို့ စိုင်းဦးက သုံးသပ်ပါတယ်။

“ဒါက စိုးရိမ်စရာကောင်းပါတယ်။ ဒီမှာ အဖွဲ့တွေကြားမှာဖြစ်တဲ့ ပဋိပက္ခက ကျွန်တော်တို့ ပြည်သူတွေမှာ လာထိတယ်။ ဒါတွေက ဒေသတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနေကြတဲ့ ကျွန်တော်တို့ လူမျိုးတွေအချင်းချင်းကြားမှာ  သက်ရောက်လာတယ်။ ကျွန်တော်တို့ လူမျိုးတွေအချင်းချင်းကြားမှာ မုန်းတီးမှုတွေ အစပြုနေပြီလို့ ကျွန်တော်မြင်တယ်”လို့ စိုင်းဦးက ဆိုပါတယ်။

ရှမ်းလူငယ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ရှမ်းလူငယ်ကွန်ရက်မှာပါဝင်ပြီး ပြည်နယ်တွင်း တိုက်ပွဲတွေရပ်ရေးနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ လက်မှတ်တွေ ကောက်ခံပြီး သက်ဆိုင်ရာအားလုံးကို ပေးပို့တဲ့ လှုပ်ရှားမှုကိုလည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ကျောက်မဲမြို့မှာ ဆန္ဒထုတ်ဖေါ်ရာမှာ ပါဝင်တဲ့ဒေသခံအချို့ကတော့ ဒေသတွင်း ဘယ်လက်နက်ကိုင်အဖွဲ့မဆို တိုက်ပွဲတွေ မဖြစ်ကြဖို့ ပါဝင်တောင်းဆိုတာလို့ ဆိုပါတယ်။

"ကျွန်တော်ဖြစ်ချင်တာက လူမျိုးတစ်မျိုးထဲတာ့ မဟုတ်ဘူးဗျ။ ဘယ်လက်နတ်ကိုင်အဖွဲ့အစည်းမဆို ဆတ်ကြေးကောက်တယ်။ လူသစ်စုဆောင်းတယ်။ ဒီဟာက ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ တိုက်ပွဲဆိုတာကတော့ ဘယ်အဖွဲ့အစည်းမဆို ဖြစ်တတ်တယ်။ မညီညွှတ်တဲ့အချိန်မှာ ဖြစ်နေတာပဲ။ တိုက်ပွဲတွေရပ်တန့်ဖို့၊ ငြိမ်းချမ်းဖို့၊ တိုက်ပွဲဖြစ်တဲ့အခါ ကျေးရွာပြည်သူတွေခံစားနေရတဲ့အဖြစ်အပျက်တွေကို သိရှိပြီး လျော့ပါးဖို့အတွက် စီတန်းတာပါ။ တောင်းဆိုမှုပါ”လို့ ဆန္ဒထုတ်ဖေါ်ရာမှာ ပါဝင်ခဲ့တဲ့ ကိုသားဇော်က ဆိုပါတယ်။

ဆန္ဒပြရာမှာ TNLA ကို ကန့်ကွက်ရတာက လူမျိုးရေးအရ တောင်းဆိုခြင်းမဟုတ်ဘဲ ဆန္ဒပြတဲ့ဒေသတွေအတွင်းက လူထုတွေကြုံနေရတဲ့အခြေအနေနဲ့ ပတ်သက်တဲ့ အဖွဲ့ကိုသာ ဦးတည်ခြင်းဖြစ်တယ်လို့ ကျောက်မဲဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ စိုင်းလွင့်ခေးက ဆိုပါတယ်။

"တစ်ဖက်ဇောင်းနင်းဖြစ်သွားတယ်ဆိုတဲ့ကိစ္စက ဆန္ဒပြတာ ဆရာတော်ပဲဖြစ်ဖြစ်၊ ရွာသူရွာသားပဲဖြစ်ဖြစ် ကျွန်တော်တို့ ခံစားနေရတဲ့ ပြသာနာအဖြစ်အပျက်တွေကို မသိလို့ပါ။ တကယ်နှိုက်နှိုက်ချွတ်ချွတ် သိရင်တော့ ဒီလောက်ကြီးဖြစ်သွားလိမ့်မယ်လို့ မထင်ဘူး။ ခုလက်ရှိပြည်သူလုထုကို ထိခိုက်နိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ကန့်ကွက်ပါတယ်။”လို့ စိုင်းလွင့်ခေးက ဆိုပါတယ်။

နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာသည့် လူမျိုးများအကြား ပဋိပက္ခမရှိခဲ့သော်လည်း ဆန္ဒပြပွဲ အသုံးအနှုန်းကြောင့် ဒေသတွင်း မထိခိုက်စေလိုကြောင်း ၎င်းကဆိုသည်။

“ ဒီလိုဆန္ဒပြတောင်းဆိုတာက ပလောင်တိုင်းရင်းသားတွေကို မုန်းလို့မဟုတ်ဘူး။ ဒီလက်နက်ကိုင်လူတစ်စုကို မလိုလားလို့ ကန့်ကွက်တာပါ။ ရှမ်းကပလောင်ကိုမုန်းသွားတယ်ဟေ့ဆိုတာမျိုး ဖြစ်သွားမှာကိုတော့ စိုးရိမ်ပါတယ်"ဆန္ဒပြပွဲတွင်ဒုတိယဦးဆောင်သူ ဦးစိုင်းလွမ့်ခေးက ပြောပါတယ်။

ကျောက်မဲမြို့မှ ဆန္ဒပြသူများကတော့ တိုက်ပွဲများကြောင့် ပြည်သူလူထု လူ့အခွင့်အရေး ချိုးဖေါက်ခံနေရခြင်းများ လျော့ပါးပြီး ရလာဒ်ကောင်းထွက်ပေါ်လာရန် မျှော်လင့်နေသည်ဟု ၎င်းကဆိုသည်။

လက်ရှိ ကျောက်မဲဆန္ဒထုတ်ဖေါ်ပွဲ၏ သက်ရောက်မှုများကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် ရှမ်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ပြည်သူလူထုအနေဖြင့် လူမျိုးရေး ပဋိပက္ခဖြစ်စေမည့် ကိစ္စများ၊ အသုံးအနှုန်းများကို သတိထားကြရန် သတိပေးတားမြစ်ခြင်း၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များအား သတိပေးအကြောင်းကြားခြင်းများကို လုပ်ဆောင်သင့်သည်ဟု တအာင်းကျောင်းသားလူငယ်များအဖွဲ့က သုံးသပ်လိုက်တယ်။

ဆောင်းပါးရှင်။  ။ အင်မိုင်ခ၊ အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net