မိုင်းဖြတ်မြို့တွင် လျှပ်စစ်မီးပုံမှန်မပေးနိုင်သည့် ကန်လုံရေအားလျှပ်စစ်မီးနှင့် အဆင်မပြေတော့၍ တာချီလိတ် နှင့် တာလေကဲ့သို့ လျှပ်စစ်မီး (၂၄)နာရီ ရရှိရေး ဒေသခံများ လိုလားနေ

မိုင်းဖြတ်မြို့တွင် လျှပ်စစ်မီးပုံမှန်မပေးနိုင်သည့် ကန်လုံရေအားလျှပ်စစ်မီးနှင့် အဆင်မပြေတော့၍ တာချီလိတ် နှင့် တာလေကဲ့သို့ လျှပ်စစ်မီး (၂၄)နာရီ ရရှိရေး ဒေသခံများ လိုလားနေ
ဧပြီ 30, 2016 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် လျှပ်စစ်သုံးစွဲသည့် မီတာခကောက်ခံခြင်းအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ကန်လုံကုမ္ပဏီက ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ 

 

“ငွေဖြည့်ကတ်ကို ကျွန်တော်တို့ ရုံးခန်းကိုလာပြီး ငွေဖြည့်ရပါတယ်။ ငွေဖြည့်ပြီးတဲ့ကတ်ကို မီတာအတွင်း ငါးစက္ကန့်လောက်ထည့်ထားလိုက်ရင် ငွေဖြည့်ကတ်မှာရှိတဲ့ ငွေပမာဏက မီတာထဲကို ယူနစ်အဖြစ် အလိုအလျောက် ရောက်ရှိသွားပါတယ်။ အဲဒီအခါ မီးသုံးလို့ရပါပြီ။ မီတာအောက်မှာ အော်တို မီးဖြတ်ခလုတ်ပါရှိပါတယ်။ အိမ်မှာ ဝါယာရှော့၊ လိုင်းရှော့ဖြစ်ပါက အော်တိုဖြတ်ပေးတဲ့ စနစ်ကိုထည့်ပေးထားပါတယ်။”ဟု ကန်လုံကုမ္ပဏီ မန်နေဂျာ ဦးအောင်ကျော်တင့်က ဆိုသည်။ 

ကုမ္ပဏီအနေဖြင့် မီတာတစ်လုံးလျှင် ကျပ်ခြောက်သိန်းခွဲနှင့် ရောင်းချပေးနေပြီး မီးသုံးစွဲခမှာ တစ်ယူနစ်လျှင် နှစ်ရာကျပ်ဖြစ်ကြောင်း သိရသည်။ 

"ကျွန်တော်တို့ မိုင်းဖြတ်မြို့မှာ ခုနွေရာသီအထိ လုံးဝမီး မပျက်ပါဘူး။ အားလုံးအဆင်ပြေပါတယ်။ အရင်ကဆို မြို့နယ်လျှပ်စစ်က တစ်နေ့ (၂)နာရီလောက်ပေးတဲ့ လျှပ်စစ်မီးကို ရတလှည့် မရတလှည့်နဲ့ နေလာရတာကြာပါပြီ။ မီးစက်နှိုးရင်လည်း လောင်စာဆီဖိုးနဲ့ဆိုတော့ ချွေတာသုံးရတာပေါ့။ ခုရေအားလျှပ်စစ် (၂၄)နာရီလုံးလုံးရနေတော့ မီးစက်နှိုးစရာလည်း မလိုတော့ဘူး။ ကုန်ကျစရိတ်ကလည်း နည်းတယ်ဆိုတော့ အားလုံးအတွက် အဆင်ပြေတာပေါ့ဗျာ " ဟု မိုင်းဖြတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် မိုင်းဖြတ်မြို့နယ်တွင် ကုမ္ပဏီမှရောင်းချပေးထားသည့် မီတာအလုံးရေ (၃၅၀)လုံး ရှိပြီဖြစ်ကြောင်း သိရသည်။ 

“အခု လောလောဆယ်တော့ (၃၂၀)KVA ဒိုင်နမိုတစ်လုံး၊ ထရန်စဖော်မာ(၇)လုံးဖြင့် မိုင်းဖြတ်မြို့ပေါ် (၃)ရပ်ကွက်နှင့် အနီးအနား ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိပါတယ်။ ဓာတ်အား မလုံလောက်ပါက နောက်ထပ် (၃၂၀)KVA ဒိုင်နမို နှစ်လုံးတပ်ဆင်နိုင်ရန်လည်း ရေတံခါးနှင့် အထိုင်များ အဆင်သင့် ပြုလုပ်ပြီးပါပြီ”ဟု ကန်လုံကုမ္ပဏီ မန်နေဂျာ ဦးအောင်ကျော်တင့်က ဆိုသည်။ 

ကန်လုံကုမ္ပဏီ(ကျိုင်းတုံ)က နမ့်လုံချောင်းကို ပိတ်၍ နမ့်လုံချောင်း ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်းဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံတည်ဆောက်စရိတ်နှင့် မီးလိုင်းသွယ်တန်းမှု အပါအဝင် စုစုပေါင်းကုန်ကျငွေ ကျပ် သိန်းပေါင်းတစ်သောင်းခွဲ ကုန်ကျကြောင်း သိရသည်။ 

ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ရေကာတာနှင့်စက်ရုံကို ၂၀၁၃ ခုနှစ် ဧပြီလမှ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လတွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိရသည်။