မူးယစ်ဆေးဝါးသုံးစွဲမှုမှ အိတ်ခ်ျအိုင်ဗွီ (HIV) ကူးစက်မှုအန္တရာယ်လျှော့ချရေး မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကု သုတေသနအသင်း (SARA) မှ ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းဘရန်နှင့် တွေ့ဆုံခြင်း

မူးယစ်ဆေးဝါးသုံးစွဲမှုမှ အိတ်ခ်ျအိုင်ဗွီ (HIV) ကူးစက်မှုအန္တရာယ်လျှော့ချရေး မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကု သုတေသနအသင်း (SARA) မှ ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းဘရန်နှင့် တွေ့ဆုံခြင်း
မတ် 29, 2016
By Tachileik News Agency

 “ကချင်ပြည်နယ် အတိုင်းအတာနဲ့ ဆိုရင်တော့ အခြားပြည်နယ်တွေထက် အများကြီး သူတို့ရဲ့ ပါဝင်မှုပဲ ပြောပြော၊ စိတ်ဝင်စားမှုပဲ ပြောပြော အရမ်းကို ကောင်းမွန်နေတဲ့ အချိန်အခါ ဖြစ်တယ်”

မူးယစ်ဆေးဝါးသုံးစွဲမှုမှ အိတ်ခ်ျအိုင်ဗွီ (HIV) ကူးစက်မှုအန္တရာယ်လျှော့ချရေး မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကု သုတေသနအသင်း (SARA) မှ ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းဘရန်နှင့် တွေ့ဆုံခြင်း
(အမွန် တွေ့ဆုံမေးမြန်းသည်။)

မူးယစ်ဆေးသုံးစွဲမှုများပြားနေသည့် ကချင်ပြည်နယ်တွင်  မူးယစ်ဆေးသုံးစွဲမှုနှင့် HIV ပိုး ကူးစက်မှု အန္တရာယ်ကို လျှော့ချရန် လူထုကိုယ်တိုင် စိတ်ဝင်စားမှုရှိနေရာ ကချင်ပြည်နယ်အတွင်း HIV နှင့် မူးယစ်ဆေးစွဲခြင်း ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Substance Abuse Research Association (SARA) မှ ဒါရိုက်တာ ဒေါက်တာထွန်းထွန်းဘရန်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မေး ။   ။ ကချင်မှာ မူးယစ်ဆေး သုံးစွဲမှုက မြန်မာပြည်မှာဆို အများဆုံးလို့တောင် ပြောကြတဲ့အခါ မူးယစ်ဆေးကနေ HIV ဖြစ်တဲ့နှုန်းက ဘယ်လောက်ထိ ရှိနိုင်မလဲ။

SARA ။  ။ ကျွန်တော်တို့ ဆေးခန်းတွေမှာ အခြေပြုတဲ့ Figure (ကိန်းဂဏန်းအချက်အလက်များ) အရတော့ တချို့သော မြို့နယ်တွေမှာ (၃၀) ဝန်းကျင်။ (၁၀) ယောက် (၃) ယောက်လောက်လို့ ယူဆလို့ရတယ် (ဆယ်ဦးတွင် သုံးဦးက မူးယစ်ဆေးသုံးစွဲရာမှ HIV ဖြစ်သူအရေအတွက် သုံးဦးနှုန်း)။ တချို့မြို့နယ်တွေ နည်းနည်းလေး လှုပ်ရှားသွားလာမှု သိပ်များတဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့ မြို့နယ်တွေကျတော့ (၄၀) ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ (သေချာတာကတော့ ကချင်အတိုင်းအတာက တခြားပြည်နယ်တွေထက်တော့ မူးယစ်ဆေး သုံးစွဲတဲ့ အုပ်စုမှာတော့ များနေဆဲပေါ့။ HIV ပဲ မဟုတ်ဘူး။ သွေးကတဆင့် ကူးနိုင်တဲ့ တခြား စီပိုး (အသည်းရောင်ရောဂါ စီပိုး) ဆိုလည်း တော်တော်မြင့်မားတယ်။ ဆယ်ယောက်ဖောက်လိုက်ရင် (သွေးစစ်လိုက်ရင်) သုံးယောက်၊ လေးယောက်မှာတော့ HIV Positive ထွက်တယ်။ ဒါက ကချင်ဆိုတာထက် ကျွန်တော်တို့ ဆေးခန်း Base (အချက်အလက်များကို အခြေခံထားခြင်း) ပေါ့။ ဒါကလည်း တော်တော်လေး အရေးကြီးတဲ့အခြေအနေလို့ မြင်ပါတယ်။

မေး ။   ။  မြစ်ကြီးနားမှာ မူးယစ်ဆေး သုံးစွဲသူဟာ (၅) အိမ်မှာ (၃) အိမ်လောက်က သုံးတယ် ဆိုတော့ HIV ကူးစက်မှုဟာ ဘယ်အနေအထား ရှိနေလဲ။ မူးယစ်ဆေး သုံးစွဲတဲ့သူများတော့ ဆေးနဲ့ယဉ်ပါးလာပြီး HIV ဖြစ်ပွားနှုန်းနဲ့ ဆေးစစ်မှုအပိုင်းတွေမှာရော ဘယ်လို အခက်အခဲ ရှိနိုင်လဲ။

SARA ။  ။ HIV နဲ့ ပတ်သက်ရင် အဓိကကတော့ အလွယ်တကူ ဆေးထိုးအပ်ပေါင်းသုံးတဲ့ နေရာက ကူးတာပေါ့။ မူးယစ်ဆေး သုံးတဲ့အခါမှာ ဆေးထိုးအပ်တွေ အလွယ်တကူ မရဘူး။ နောက်တစ်ခုက HIV ကူးသွားတတ်ပါလား ဆိုတာလည်း တချို့သော သိပ်ဝေးတဲ့ နေရာတွေမှာဆိုရင် ဒီ Knowledge တွေလည်း ရဖို့ အရမ်းဝေးတာပေါ့။ မူးယစ်ဆေး သုံးကြတယ်ဆိုတာ အလွယ်တကူ သုံးရတာမျိုး မဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက်သုံးရတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်ဆိုတော့ ဆေးထိုးအပ်ဆိုတာ လည်း တချို့နေရာတွေမှာ အမြဲတမ်း ရဖို့ကလည်း ခက်တဲ့အပိုင်းတွေ ရှိတာကိုး။ ဒါကြောင့်လည်း HIV ပြန့်ပွားသွားတဲ့ အနေအထားတွေလည်း ရှိတာပေါ့။ ဒါတွေအတွက် တစ်ခါသုံး ဆေးထိုးအပ်တွေကို ဝေငှတဲ့လုပ်ငန်း ထိထိရောက်ရောက် လုပ်တဲ့အပိုင်းရယ်၊ နောက်တစ်ပိုင်းမှာ လူထုက ဒါကို လိုအပ်ပါလားလို့ နားလည်လာတဲ့အပိုင်းရယ် လိုအပ်နေသေးတယ် လို့ ထင်ပါတယ်။

မေး ။   ။ ဒီဆေးထိုးအပ် ဝေငှတဲ့အပိုင်းမှာပေါ့။ တစ်ဖက်မှာကျတော့ ဆေးပိုသုံးဖြစ်အောင် တွန်းအားပေး နေသလားဆိုတဲ့ အထင်အမြင် လွဲမှားမှုတွေ ရှိနေတော့ ဆရာတို့အနေနဲ့ ဒါတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းသလဲ။

SARA ။  ။ လူထုအနေနဲ့ကတော့ အရမ်းရိုးရှင်းပါတယ်။ ကျွန်တော့်အမျိုးကို သွားပြောရင်လည်း မြှောက်ပေးနေတယ်လို့ပဲ မြင်နိုင်တာပေါ့။ ကျွန်တော်တို့ လုပ်တဲ့ကိုင်တဲ့ အပိုင်းတွေမှာ အစောပိုင်းမှာ တော့ Advocacy လို့ပဲ ပြောရမှာပေါ့။ လူထုတွေနဲ့ ထိတွေ့ပြီးတော့ အမြဲတမ်း ပြောပြရတဲ့အပိုင်းတွေ ရှိတယ်။ တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် လူထုနဲ့ အမြဲထိတွေ့လေ့ ရှိတယ်။ နောက်ပြီးတော့ သူတို့ကနေပြီး အကြံပြုတဲ့စနစ် ခေါ်မှာပေါ့။ ဘုရားကျောင်းတွေမှာလည်း ရှိတယ်။ ရပ်ကွက်တွေမှာ လည်း ရှိတယ်။ သူတို့ အကြံပြုချက်တွေကို ကျွန်တော်တို့က  ယူပြီးတော့ အဲဒီအကြံပြုချက်အတိုင်း ပြန်ပြီး ရှင်းပြတဲ့အပိုင်းပေါ့။ တချို့ကျတော့ လူထုက ဖြေးဖြေးချင်းပဲ နားလည်တာပေါ့။ ကွန်ဒုံးဆိုတဲ့ ကိစ္စမှာပဲ လွန်ခဲ့တဲ့ ခုနှစ်နှစ်၊ ရှစ်နှစ်ကဆို လုံးဝလက်မခံဘူး။ နောက်ပိုင်းကျမှ ဒါဟာ တကယ်ပဲ လူထု ကျန်းမာရေးအတွက် လိုအပ်ပါလားဆိုပြီး လူတွေက လက်ခံလာတယ်။ လူထုထောက်ခံမှု ရသွားပြီ ဆိုရင်တော့ ပိုပြီး ထိရောက်တဲ့လုပ်ငန်း ဖြစ်လာမှာပေါ့။ သူက Public Health Philosophy ဖြစ်နေတော့ ချက်ချင်းနားလည်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်။ ကျွန်တော်တို့ ကိန်းဂဏန်းတွေကို အခြေပြုမယ်။ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်။ သူတို့နဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး အတူတကွ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်။

မေး ။   ။ ဆရာခုနကလည်း ပြောသွားတယ်။ မူးယစ်နဲ့ HIV ကို တွဲမြင်ဖို့ လိုနေသေးတယ် လို့ ဆိုတော့ ဆရာတို့ အဖွဲ့အနေနဲ့ရော ဒါနဲ့ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။

SARA ။  ။ အရင်ဆုံး ကျွန်တော် လုပ်နေတာတော့ အခုလို မီဒီယာတွေနဲ့ စကားပြောနေတာပါပဲ။ မူးယစ်ဆေးစွဲခြင်းနဲ့ HIV ကို တော်တော်များများက တစ်ခုစီလို့ပဲ မြင်နေတာကိုး။ နံပါတ်တစ်ကတော့ Awareness (အသိပညာပေး)လုပ်တာတွေကို မီဒီယာကနေ သွားတယ်။ နောက်ပြီး လူထုအခြေပြုတဲ့ နေရာတွေကနေ သွားနေတယ်။ နောက်တစ်ခုကတော့ ဒီနှစ်ထဲမှာပဲ တချို့သော ဒီမူးယစ်ဆေးဝါးကို လုပ်ဆောင်နေတဲ့ Stakeholder လို့ ပြောရမလား။ ဒါမှမဟုတ် ဒီကဏ္ဍမှာ ပါဝင်နေတဲ့ အကုန်လုံးပေါ့နော်။ ကချင်ချည်းပဲလည်း မဟုတ်ဘူး။ တခြား ရှမ်းတိုင်းရင်းသားထဲမှာလည်း ပါဝင်နေတဲ့သူမျိုးတွေကို ကျွန်တော်တို့ သင်တန်းတွေ ပေးဖို့ ရှိပါတယ်။ ဆိုလိုချင်တာက ဒီမူးယစ်ဆေး တစ်ခုတည်းနဲ့ ကြည့်နေလို့ မရဘူး။ ဒီ HIV ပြဿနာကိုပါ စပြီး တွဲကိုင်ရမယ့် သင်တန်းသဘောမျိုးပေါ့။ အဲဒါမျိုးလေးတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။

မေး ။   ။ ဆရာတို့ အခုလုပ်နေတဲ့ ဆေးလာစစ်ဖို့ အသိပညာပေးတဲ့ အပိုင်းတွေရော ဘယ်လောက်ထိ ထိရောက်မှု ရှိလဲ။ တခြားစိန်ခေါ်မှုတွေကရော ဘာတွေ ဖြစ်မလဲ။

SARA ။  ။ ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုရင် ကျွန်တော်တို့မှာလည်း ဆေးထိုးအပ် ပြန်လည်ပြီး သိမ်းဆည်းတဲ့ အပိုင်းတွေ ရှိတယ်။ ဥပမာ - အပ် ရှစ်ချောင်း ဝေတယ်ဆို ရှစ်ချောင်း ပြန်သိမ်းတယ်ပေါ့။ နောက်တစ်ခုကတော့ HIV လျော့ကျသွားဖို့အရေးက မြို့တစ်မြို့မှာ (၈၀) ရာခိုင်နှုန်း လွှမ်းခြုံမိဖို့ လိုတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကတော့ မြစ်ကြီးနားလို နေရာမျိုးဆိုရင် (၈၀) ရာခိုင်နှုန်း ဖုံးလွှမ်းဖြစ်ဖို့ဆိုတာ အတော်ကြီးလုပ်ရမယ့် အနေအထားရှိတယ်။ မူးယစ်ဆေးသုံးတဲ့သူ လူ ဆယ်ယောက်မှာ ရှစ်ယောက်ကို ကျွန်တော်တို့က တစ်ခါသုံး ဆေးထိုးအပ်တွေ မပြတ် ပို့ပေးဖို့ လိုအပ်တယ်။ တစ်နေ့ကို သုံးချောင်း ပို့ပေးဖို့ လိုတယ်။ အနည်းဆုံးပေါ့။ အဲဒီအပိုင်းနဲ့ လုပ်နေတာဖြစ်တော့ လုပ်ငန်းသဘောအရတော့ တော်တော်ကြီးကို စိန်ခေါ်မှုတွေ ရှိတယ်။

မေး ။   ။ ဆရာတို့ဆီမှာ Harm Reduction Treatment လုပ်ပေးနေတယ်ဆိုတော့ HIV ဖြစ်နေတဲ့ လူနာတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ရှာပေးတာတွေ ရှိလား။

SARA ။  ။ HIV positive puring အနေနဲ့တော့ မဟုတ်ဘူး။ mini ပါမယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ခေါ်တာပေါ့။ ကျွန်တော်တို့ရဲ့ Mandate ထဲမှာကို ပါတယ်။ ကာကွယ်ရေး၊ ကုသရေး၊ အန္တရာယ်လျှော့ချရေး၊ ပြန်လည်ထူထောင်ရေးပေါ့။ ပြန်လည်ထူထောင်ရေး အပိုင်းကတော့ ကျွန်တော်တို့ တွဲလို့ရတဲ့ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးတွဲပြီး လုပ်နေတာပေါ့။ ဒီမှာဆိုရင်တော့ ၂၀၁၄ တုန်းက တစ်ကြိမ် လုပ်ဖူးတယ်။ ရှမ်းပြည်ဆို အခု လောလောလတ်လတ် လုပ်နေတာပေါ့။ ရှမ်းမြောက်မှာဆို ကျွန်တော်တို့ Camp သွင်းတယ်။ ဆေးပြတ်လာတဲ့ လူငယ်တွေကို အသက်မွေး ဝမ်းကျောင်းလို့ ခေါ်မလား အဲဒီလို သင်ပေးနေတဲ့ အပိုင်းလေးတွေကို စတော့ လုပ်နေပါပြီ။ လုပ်ဖို့တော့ အများကြီး လိုသေးတယ်လို့တော့ ထင်ပါတယ်။

မေး ။   ။ ဆရာတို့ ခုနက ပြောတဲ့အထဲမှာ ကုသတယ်၊ အန္တရာယ်တွေ လျှော့ချတယ်ဆိုတော့လေ မူးယစ်ဆေး သုံးပြီးမှ အရှင်းပျောက်သွားတယ် ဆိုတဲ့သူမျိုးရော ရှိလားရှင့်။

SARA ။  ။  ဒီမေးခွန်းက ကောင်းတယ်။ လူတိုင်းလည်း သိချင်ကြတဲ့ မေးခွန်းလို့ ထင်ပါတယ်။ အဲဒီမေးခွန်းကို ပြန်ဖြေဖို့ ဆိုရင်လည်း ဒီ မူးယစ်ဆေး စွဲတယ်ဆိုတဲ့ ကိစ္စကို တကယ် နည်းနည်းလေး သိဖို့ လိုတာပေါ့။ မူးယစ်ဆေး စွဲတယ်ဆိုတာ အခုထက်ထိ လူတော်တော်များများ နားလည်တာက စိတ်ပိုင်းဆိုင်ရာ ပျော့ညံ့သွားလို့ပေါ့။ ဒါမှမဟုတ် ဆေးစွဲတယ်။ ဆေးရုံတက်တယ်။ ပြီးရင် ပြန်လာ၊။ ပြန်လာပြီး ပြန်ချဆိုတော့ ဒီကောင် စိတ်မခိုင်လို့ပဲ ဆိုတဲ့ Concept (အယူအဆ)က ဒီနေ့အထိ လူတွေ လက်ခံနေတုန်းပဲ။ တကယ်တမ်းကတော့ မူးယစ်ဆေး စွဲသွားတယ်ဆိုတာ ဦးနှောက်ထဲမှာ HIV လို ဗိုင်းရပ်ပိုး ရှိမနေတာ တစ်ခုပဲ။ ကျွန်တော်တို့ များသောအားဖြင့် ဘာနဲ့ ဥပမာပေးလည်း ဆိုတော့ ဆီးချိုရောဂါလိုပဲ သူက နာတာရှည်ရောဂါ ဖြစ်သွားတယ်။ ဆီးချိုရောဂါကလည်း ဒီနေ့ ဆေးသောက်၊ ဒီနေ့ မပျောက်ဘူးနော်။ ဆေးသောက်ထားတယ်။ ပြီးရင် ရှောင်သင့် ရှောင်ထိုက်တာတွေလည်း ရှောင်ရတယ်။ ကျန်းမာရေးလည်း ပြန်လုပ်ရတယ်။ ဒါပေမဲ့ အခန့်မသင့်ရင် ဆီးချိုပြန်ထလာတယ်။ အလားတူပဲ။ မူးယစ်ဆေးစွဲတာကလည်း သူစွဲလာတဲ့အပေါ် မူတည်တာပေါ့။ ဘယ်လောက်စွဲနေလဲ။ ဘယ်လောက် ဖြစ်နေလဲပေါ့။ ဆိုလိုချင်တာကတော့ ခဏတဖြုတ် တစ်ပတ်၊ တစ်လ အဲလောက်လေး ကုလိုက်တာနဲ့ တစ်သက်လုံး ဆေးမစွဲတော့ဘူး ဆိုတာ ပြောဖို့ အင်မတန် ခက်တယ်။ ဘာကြောင့် အဲဒီလို ဖြစ်လဲ ဆိုတာကို လူတွေ မြင်နေကြတာက ရုပ်ပိုင်းဆိုင်ရာ စွဲနေတာကို မြင်တာ၊ ရုပ်ပိုင်းဆိုင်ရာ စွဲတယ်ဆိုတာ ဆေးမချရရင် နှာရည်ယိုတာ၊ ချေးပါတာ၊ ကိုယ်တွေ ကိုက်လာတယ်၊ အိပ်မရဘူး၊ အဲဒါက တကယ်တမ်းဆို လေးရက်၊ ငါးရက်လောက်ပဲ ကြာတယ်။ ခဏလေးပါပဲ။ အလွန်ဆုံး တစ်ပတ်ပေါ့။ အဲဒါပြီးရင် သူတို့ခန္ဓာကိုယ်မှာ ယင်း မကပ်တော့ဘူး။ အဲဒါက လူတိုင်းလုပ်ဖူးတယ်။ သူတို့လည်း လုပ်ဖူးတယ်။ ကျွန်တော်တို့လည်း ဒါတွေ ပျောက်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာ စွဲလန်းနေတဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု၊ နောက်တစ်ခုက ပတ်ဝန်းကျင်ပေါ့၊ နဂိုရောက်နေတဲ့ ပတ်ဝန်းကျင်အဟောင်းက စွဲလန်းမှုပေါ့၊ အဲဒီနှစ်ခုက အဲဒီလောက် အဆင်သင့် မဖြစ်ဘူးပေါ့။ ကုတဲ့အခါမှာလေ။ အဲဒီအခါမှာ သူ့ကို Counseling (ဆွေးနွေးအကြံပေးတာတွေ) လုပ်ဖို့ လိုအပ်လာတယ်။ မိသားစုရဲ့ ပါဝင်မှု လိုအပ်လာတယ်။ ဆေးရုံမှာ တစ်လ ထားလိုက်တာတို့၊ ဒီဘက်မှာ ကျွန်တော်တို့ ဖြတ်ပေးတယ်ဆိုတာ သူ့ ယင်းကလေးပဲ ပျောက်အောင် လုပ်ပေးလိုက်နိုင်တာ။ ယင်း ဘယ်လောက်ပြတ်လဲလို့မေးရင် အများကြီးပြတ်သွားတယ်လို့ ပြောလို့ရတယ်။ နာတာရှည်ရောဂါကနေ လွတ်ထွက်သွားပြီလား ဆိုရင် ခက်ခဲမှုတွေတော့ ရှိသေးတယ်။ ကျွန်တော်တို့ ဆေးလေး ပါးစပ်ထဲ ထည့်ရုံလောက်နဲ့ မပြီးဘူး။ ဆေးရဲ့ အခန်းကဏ္ဍက မူးယစ်ဆေး ဖြတ်တဲ့အပေါ်မှာ ၃၀ ရာခိုင်နှုန်းပဲ။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက သူ့ရဲ့ ပတ်ဝန်းကျင် စွဲလမ်းမှုတွေ၊ သူရဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေ အတွက်ဆိုရင်တော့ ကျွန်တော်တို့ Counseling လုပ်ဖို့လိုတယ်။

မေး ။   ။ ဟုတ်။ ကျွန်မတို့ မူးယစ်ဆေးရုံကို သွားတဲ့အခါ မက်သာဒုံး အစားထိုး ကုသတဲ့ နည်းကနေ တစ်နှစ်ကို ၇ ရာခိုင်နှုန်းလောက် လုံးဝ အရှင်း မသောက်ရတော့တဲ့အထိ ပြန်ကောင်းသွားတယ် ဆိုတော့ ကျွန်မ ထပ်သိချင်တာ မက်သာဒုံး ပြတ်သွားပြီ သူတို့အိမ် သူတို့ ပြန်သွားတဲ့အခါ အဲဒီသူက ပြန်သုံးဖြစ်လို့ အလားအလာ ဘယ်လောက်ထိ များလဲ။

SARA ။  ။  အဲဒါက နှစ်ပိုင်းရှိတယ်။ ယင်း ဖြတ်တဲ့ လုပ်ငန်းက ယင်း ပြတ်သွားပြီး ပြန်ထနိုင်တဲ့ ရာခိုင်နှုန်းက နိုင်ငံတကာစံအရတော့ (၈၀) ရာခိုင်နှုန်း ရှိတယ်။ (၁၀) ယောက်မှာ (၈) ယောက်က ပြန်ပြီး သုံးစွဲနိုင်ခြေရှိတယ်။ ဒါက ယင်းပဲ ဖြတ်လိုက်လို့လေ။ တစ်ပတ်တန်သည်၊ တစ်လတန်သည် ဖြတ်လိုက်လို့၊ အိပ်ခန်းထဲပဲ ထည့်ထည့်၊ လှောင်ပဲ ထားထား၊ တစ်ပတ်၊ ဆယ်ရက်၊ တစ်လဆို လုံးဝ ယင်းမရှိတော့ဘူး။ အဖြူဆိုရင် လေးရက်လောက်ဆို ယင်း မရှိတော့ဘူး။ သူ့ရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် စွဲနေတာတွေ ကုနိုင်ဖို့အတွက် မက်သာဒုံးဆိုတာ တိုက်လိုက်တာပေါ့။ မက်သာဒုံးဆိုတာ ကုသမှု လုပ်ငန်းတစ်ခုပဲ။ ရည်ရွယ်ချက်က တစ်ရက်မှာ ဆီးချိုလိုမျိုး ဆီးချိုထိန်းသွားနိုင်တဲ့ အဆင့်ကနေ နောက် လုံးလုံး ပျောက်ကင်းသွားတဲ့ အဆင့်ထိရောက်အောင် မက်သာဒုံးနဲ့ သွားတာပေါ့။ ဒါပေမယ့် လေး၊ ငါး၊ ခြောက်ရက်နဲ့တော့ မရဘူး။ အနည်းဆုံး (၁)နှစ်၊ (၂) နှစ်လောက်တော့ ကုသွားဖို့ လိုတယ်။ ကုသွားပြီးပြီဆိုမှ သူ့ဘက်ကနေ တခြား ခွဲခြားဆက်ဆံ ခံရတာတို့၊ အဲဒီလို မလိုအပ်တဲ့ ဖိအားတွေပေါ့။ အဲဒါတွေ အားလုံးကို ရင်ဆိုင်သွားနိုင်ပြီ ဆိုတဲ့ အဆင့်ကို ရောက်သွားမှ ဒါကို ပြတ်သွားမှာပေါ့။

မေး ။   ။  မြစ်ကြီးနားမှာလည်း ဒုက္ခသည် စခန်းတွေ ရှိတယ် ဆိုတော့ ဒုက္ခသည် ဖြစ်နေတဲ့အပြင် HIV ပါ ရှိနေတယ် ဆိုတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ဘယ်လိုမျိုး လုပ်ဆောင်ပေးသင့်လဲ။

SARA ။  ။ HIV ရှိကတည်းက ခွဲခြားဆက်ဆံမှုက ရှိပြီးသား။ မူးယစ်ဆေးစွဲပြီးမှ HIV ရှိတယ်ဆို ပိုပြီးတောင် ခွဲခြားခံရတယ်။ အဲဒါက သာမာန်ထက် စာရင်ပေါ့။ ပြင်ပက ခွဲခြားဆက်ဆံမှုတင် မဟုတ်ဘူး။ စွဲနေတဲ့သူကလည်း ကိုယ့်ကိုကိုယ် ပြန်ပြီး အားငယ်တာလည်း ရှိတယ်။ အဲဒီအပိုင်းတွေမှာ အရေးအကြီးဆုံးက Counseling ပဲ။ နောက်တစ်ခုကတော့ လူထုရဲ့ နားလည်လက်ခံလာမှု အပိုင်းပေါ့။ ခံစားနေရတဲ့ သူ တစ်ယောက်ချင်းဆီကလည်း Counseling ဆိုတဲ့ နေရာကို လာနိုင်ဖို့ လိုတယ်။ ပြဿနာတစ်ခုကတော့ ကျွန်တော်တို့ဆီမှာ Counselor ဆိုပြီး သီးသန့် ရှိမနေသေးဘူး။ ဆိုလိုချင်တာက ပြန်မွေးထုတ်နေရတဲ့ သဘောပဲ။ ကျွန်တော်တို့ ပတ်ကားအနေနဲ့ ထွက်လာတဲ့ Counselor မရှိသေးဘူးပေါ့လေ။ တကယ်တမ်းကျတော့ အဲဒါက ပိုလိုအပ်တာပေါ့။ မူးယစ်ဆေး စွဲတာပဲ ဖြစ်ဖြစ်၊ HIV ဖြစ်သွားတာပဲ ဖြစ်ဖြစ်၊ Counseling က အရမ်းလိုအပ်ပါတယ်။

မေး ။   ။ အဲဒါဆိုရင် မူးယစ်ဆေးသုံးတဲ့သူအတွက်ပဲ ဖြစ်ဖြစ်၊ HIV ဖြစ်တဲ့သူတွေ အတွက်ပဲ ဖြစ်ဖြစ် Counselor တွေ မလုံလောက်ဘူးလို့ ဆရာ ဆိုလိုချင်တာလား။

SARA ။  ။  ကျွန်တော် ပြောချင်တဲ့ အဓိကအချက်က ဥပမာ Nurse ဆိုရင် Nurse အနေနဲ့ သင်တန်းတွေ ရှိတယ်၊ ကျောင်းတွေ ရှိတယ်။ Counselor အနေနဲ့ ပတ်ကားကြီး ထွက်လာတဲ့ ကျောင်းတွေ မရှိဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ပြန်ပြီး Train (လေ့ကျင့်ပေး) ရတာပေါ့။ Counselor တစ်ယောက် ဖြစ်လာဖို့ ပြန်ပြီး လုပ်ယူရတာပေါ့။ ဆိုလိုချင်တာ ကျွန်တော်တို့ လုပ်နေတာအတွက်တော့ လုံလောက်တာပေါ့။ အားလုံး လွှမ်းခြုံနိုင်ဖို့ဆိုရင်တော့ Counselor တွေ ဒီထက်ပိုပြီး များများ လိုအပ်တယ်လို့ ထင်တယ်။ Counseling Skill ပဲ ပြောပြော၊ Training လို့ပဲ ပြောပြော ဆိုလိုချင်တာက ဆရာမတွေ၊ သူနာပြုတွေ အကုန်လုံးက Counselor မဟုတ်ဘူး။ HIV Counseling တော့ ရမယ်။ ဒါပေမယ့် ဒီဘက် Drug Counseling တော့ မရဘူး။

မေး ။   ။ မူးယစ်ဆေးသုံးတာရယ် HIV ရယ် ပူးတွဲမြင်လာအောင် လူထုပါဝင်မှုနှုန်းပဲဖြစ်ဖြစ်၊ အခြား အဖွဲ့အစည်းတွေဖြစ်ဖြစ်၊ ဆရာတို့အဖွဲ့ပဲ ဖြစ်ဖြစ် awareness ပေးတဲ့အပိုင်းတွေ ဘယ်လောက်ထိ လုပ်ဖို့ လိုနေသေးလဲ။

SARA ။  ။  တကယ်တမ်းတော့ Private sector, Public Sector, Civil Society ပေါ့။ အားလုံး ပိုပြီး နီးနီးကပ်ကပ်တွေ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်လေလေ ကျွန်တော်တို့ ဖြစ်ချင်တာ၊ ရောက်ချင်တာကို မြန်မြန်ရောက်လေလေလို့ ထင်ပါတယ်။ လူတွေက အခုချိန်မှာ ကချင်ပြည်နယ် အတိုင်းအတာနဲ့ ဆိုရင်တော့ အခြားပြည်နယ်တွေထက် အများကြီး သူတို့ရဲ့ ပါဝင်မှုပဲ ပြောပြော၊ စိတ်ဝင်စားမှုပဲ ပြောပြော အရမ်းကို ကောင်းမွန်နေတဲ့ အချိန်အခါ ဖြစ်တယ်။ အဲဒီအပိုင်းမှာ ကျွန်တော်တို့က နားလည်မှု မလွဲသွားဖို့ လိုတယ်။ ဒါမှလည်း Drug ပဲ မဟုတ်ဘူး။ HIV ပိုင်းမှာပါ ပါဝင်မှု ကောင်းလာမှာပေါ့။ ဘယ်လောက်လိုလဲ ဆိုရင်တော့ လက်ရှိအထိတော့ လိုတယ်။ တခြားအဖွဲ့အစည်းတွေ အနေနဲ့လည်း အဲဒီလို လုပ်စေချင်ပါတယ်။ အရင်တုန်းကလည်း လုပ်ခဲ့တာတွေ ရှိပေမယ့် ၂၀၁၅ က စလို့ပေါ့ လူတွေရဲ့ Concern ပဲ ပြောရမလား၊ ပါဝင်မှုက တအားကို မြင့်တက်နေတယ်။ ဒီအချိန်က တကယ်တမ်းဆိုရင်တော့ ကိစ္စကြီးကြီးမားမားကြီး အောင်မြင်ဖို့အတွက် အခွင့်ကောင်း၊ အခါကောင်း လို့ပဲ မြင်ပါတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net