ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရေးအတွက် တာချီလိတ်၌ ဆန္ဒထုတ်ဖော်ခြင်းနှင့် လက်မှတ်ကောက်ခံခြင်းများ တပြိုင်နက်ပြုလုပ်

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရေးအတွက် တာချီလိတ်၌ ဆန္ဒထုတ်ဖော်ခြင်းနှင့် လက်မှတ်ကောက်ခံခြင်းများ တပြိုင်နက်ပြုလုပ်
နိုဝင်ဘာ 28, 2015
By Tachileik News Agency

အစိုးရတပ်မတော် နှင့် SSPP/SSA တို့အကြား ရှမ်းပြည်နယ် အလယ်ပိုင်း၌ ဖြစ်ပွားသော တိုက်ပွဲ များကြောင့် တိုင်းရင်းသား ပြည်သူများ စစ်ဘေး သင့်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများက ငြိမ်းချမ်းရေးအတွက် လက်မှတ်ကောက်ယူခြင်း၊ ဟောပြောခြင်း နှင့် စစ်ဘေးသင့် ပြည်သူများအတွက် အလှူငွေ ကောက်ခံခြင်းများကို ပြုလုပ်လျက်ရှိရာ တာချီလိတ်မြို့တွင်လည်း ယနေ့ နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ နိုဝင်ဘာလ(၂၈)ရက် နေ့လည်ပိုင်း အချိန်ထိ ကောက်ခံရရှိသည့် လက်မှတ်မှာ လူဦးရေ(၁,၀၀၀)ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆန္ဒဖေါ်ထုတ်ပွဲနှင့် လက်မှတ်ရေးထိုး လှုပ်ရှားမှုအား ငြိမ်း၊ စု၊ စီ ခွင့်ပြုချက် အမှတ်(၃/၂၀၁၅)ဖြင့် နိုဝင်ဘာလ (၂၆)ရက်နေ့က သက်ဆိုင်ရာမှ ခွင့်ပြုချက် ရရှိထားပြီး မဇ္ဈိမလူမှုကူညီရေး အသင်း နှင့် ရှမ်းပြည်နယ်လူငယ်ကွန်ရက်တို့မှ ပူးပေါင်းကာ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်ရှိ မဇ္ဈိမလူမှုကူညီရေးအသင်း၏ ရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ယခုလို ပွဲကျင်းပပြုလုပ်ရခြင်း နှင့် ပတ်သက်၍ "ဒီပွဲလေးက အကျဉ်းကနေ အကျယ်ဖြစ်သွားတာပေါ့၊ အတိုချုံ့လေး လုပ်ဖို့ အစီအစဉ်ကို သက်ဆိုင်ရာက ဒီပွဲလေးကို ဥပဒေအရ ဘောင်အတွင်းကနေ ဖြစ်စေချင်တဲ့ အတွက် စာတင်ပါဆိုလို့ ကျွန်တော်တို့ တရားဝင် ငြိမ်း၊ စု၊ စီ စာတင်ပြီးမှ လုပ်တာပါ၊ အဲ့ဒီအတွက်လည်း နည်းနည်းလေး ကြန့်ကြာသွားပါတယ်၊ တစ်ချို့စာသားတွေတော့ ဖြတ်တောက် ခံရတာတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့လုပ်တဲ့ ဒီပွဲက နှစ်ဦးနှစ်ဖက် မျှမျှတတ လုပ်တဲ့ ပွဲပါ၊ တစ်ဖက်သတ်လုပ်တဲ့ ပွဲ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် စစ်တိုက်တာတွေကို ရပ်စေချင်လို့ အဓိကထား လုပ်တာပါ.."ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောပြသည်။

ယင်းပွဲတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆင်နွှဲခဲ့သူ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က "ဒီနေ့လုပ်တဲ့ ပွဲလေးမှာ နောင်လာမဲ့ ကလေးတွေရော၊ အနာဂတ်မျိုးဆက်တွေရော လူငယ်တွေ နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ စိတ်ပါလက်ပါ ၀င်ရောက်လာကြတာကို တွေ့ရလို့ ၀မ်းသာမိပါတယ်၊ အခုလက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် တိုက်ပွဲဆိုတာ ဘယ်သူပဲ သေသေ ကိုယ့်လူတွေပဲ သေကြေရတာဖြစ်ပါတယ်၊ ဒါကြောင့် အမျိုးသားရေးနဲ့ ပတ်သက်လို့ ပြောရရင်လည်း မဖြစ်သင့်တဲ့ ကိစ္စပါ.."ဟု ပြောသည်။

ရှမ်းအရှေ့- ရွှေတြိဂံဇုန် ဧည့်လမ်းညွှန်ဧည့်လမ်းပြများ အသင်းမှ ကိုစိုင်းဆမ်နွဲ့က "ရှမ်းပြည်အတွင်း ဖြစ်နေတဲ့ စစ်ပွဲတွေမှာ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ရှမ်းအရှေ့- ရွှေတြိဂံဇုန် ဧည့်လမ်းညွှန် ဧည့်လမ်းပြများ အသင်းကနေပြီး တတ်နိုင်သလောက် ဒီအခမ်းအနားမှာ လာလှူတာပါ..."ဟု ပြောသည်။

စစ်ဘေးသင့် ပြည်သူများအတွက် ရှမ်းအရှေ့- ရွှေတြိဂံဇုန် ဧည့်လမ်းညွှန် ဧည့်လမ်းပြများ အသင်းမှ အလှူငွေ ကျပ်(၂)သိန်း နှင့် အ၀တ်အထည်များ အပြင် ခေါက်ဆွဲခြောက်များကိုလည်း ယင်းအခမ်းအနားတွင် လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

"လက်မှတ်ကို ကောက်နေတာတော့ ကြာပါပြီ၊ ဒီနေ့ နေ့လည်အထိ ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့ဆိုရင် (၁၀၀၀)ခန့်ရှိပါပြီ.."ဟု ရှမ်းပြည်နယ်လူငယ်ကွန်ရက်မှ ဦးဆောင်လူငယ်တစ်ဦးက ပြောပြသည်။

ယခုပြုလုပ်သည့် ပွဲတွင် တက်ရောက်လာကြသူများမှ စစ်ပွဲရပ်တန့်ရေး အတွက် ဆန္ဒပြု လက်မှတ် ရေးထိုးခြင်း၊ စစ်ဘေးသင့် ပြည်သူများအတွက် အလှူငွေများ ထည့်ဝင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အခမ်းအနား ဖြစ်မြောက်ရေး ပူးပေါင်းအဖွဲ့မှ မြို့တွင်းလှည့်လည်ကာ အလှူငွေကောက်ခံခြင်းနှင့် ဆန္ဒလက်မှတ် ကောက်ခံခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း အပြင် အခမ်းအနားတွင် မဇ္ဈိမလူမှုကူညီရေး အသင်းမှ အသင်းသားများ၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ ရှမ်း(အရှေ့) ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ အဖွဲ့ဝင်များနှင့် ငြိမ်းချမ်းရေးလိုလားသူများ တက်ရောက်ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

စစ်ပွဲများ ရပ်တန့်ရေး တာချီလိတ်ပြည်သူများ ဟောပြောကာ လက်မှတ်ထိုး

38 photos
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ ကြော်ငြာ ~~~~~~~~~