မူးယစ်ဆေးဝါး သုံးစွဲထားသည့် သားဖြစ်သူက မိခင်ဖြစ်သူအား မသေမချင်း သတ်ဖြတ်

မူးယစ်ဆေးဝါး သုံးစွဲထားသည့် သားဖြစ်သူက မိခင်ဖြစ်သူအား မသေမချင်း သတ်ဖြတ်
နိုဝင်ဘာ 27, 2015
By Tachileik News Agency

တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ရွာတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် သားဖြစ်သူမှ မိခင်ဖြစ်သူအား မသေမချင်း သတ်ဖြတ်မှု ယနေ့ နိုဝင်ဘာလ(၂၇)ရက် နံနက်(၇)နာရီခွဲ ၀န်းကျင်က ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်သူအား ဖမ်းဆီးရမိကြောင်း သိရသည်။

သတ်ခံရသူသည် အသက်(၆၀)နှစ်ရှိ ဒေါ်မီဂေါဖြစ်ပြီး ၎င်း၏ ၀ဲဘက် ပါးတွင် (၆)လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက် နှင့် ယာနောက်စေ့တွင် (၃)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ၀ဲလက် သူကြွယ်တွင် ပြတ်ရှ ဒဏ်ရာ (၁)ချက် စသည့် ဓားဖြင့် ခုတ်ထားသည့် ဒဏ်ရာများ ရှိနေပြီး၊ ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ရန် ကားဖြင့် သယ်ဆောင်လာစဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နာရေးကူညီပေးနေသူ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက "တရားခံက မူးယစ်ဆေးဝါး သုံးစွဲထားပြီးတော့ လူသတ်ချင်စိတ်ပေါက်နေတယ်လို့ ပြောပါတယ်၊ ပထမ သူရဲ့ မိန်းမကို အရင်ဆုံး ဦးခေါင်းကို (၈)လက်မ အရွယ်ရှိတဲ့ ကျောက်ခဲနဲ့ နောက်စေ့ တည့်တည့်ကို ထုလိုက်ပြီးတော့ သူရဲ့ နေအိမ်ကို ပြန်လာစဉ်မှာပဲ မိခင်ဖြစ်သူကို တွေ့ရှိသွားပြီး၊ (၁၈)လက်မ အရှည်ရှိတဲ့ ဓါးနဲ့ ခုတ်တာ၊ အဲ့လို အခုတ်ခံရပြီး မိခင်ဖြစ်သူက ဆေးရုံ မရောက်ခင်မှာဘဲ အသက် ထွက်သွားခဲ့ပါတယ်.."ဟု ပြောပြသည်။

လမ်းတွင် ဒဏ်ရာများဖြင့် သေဆုံးသွားသူ ဒေါ်မီဂေါအား ၎င်း၏ သားဖြစ်သူ အသက်(၂၆)နှစ်ရှိ  ရေလာမီ(ကျား) မှ မူးယစ်ဆေးဝါးများ သုံးစွဲထားပြီး စိတ်ကစဥ့်ကလျားဖြစ်ကာ မိခင်ဖြစ်သူအား မသေမချင်း ဓားဖြင့် ခုတ်သတ်တာဖြစ်ကြောင်း မယ်လိတ်ပါကော်ရွာသား တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ တာချီိလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ အမှုစစ်အဖြစ် ဆောင်ရွက်ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၅၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ဖြင့် လူသတ်တရားခံအား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓါတ်ပုံ။  ။ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ကြော်ငြာ ~~~~~~~~~