ကျပ်သိန်းပေါင်း (၁၅၆၀)ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်၌ ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်း (၁၅၆၀)ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်၌ ဖမ်းဆီးရမိ
နိုဝင်ဘာ 23, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ ည(၁၁)နာရီခွဲကျော်က တာချီလိတ်မြို့ တော်ကော့(ပြင်)ရပ်ကွက်၌ ကျပ်သိန်းပေါင်း (၁,၅၆၀)ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်တပ်နယ်မှ အဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက် အတွင်း တော်ကော့(ပြင်)ရှိ နေအိမ်တစ်အိမ်၌ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက် ရှာဖွေရာမှ နေအိမ်အတွင်း ဆန်ခွက်(ကျား)နှင့် အားချင်(ကျား)တို့အား အသင့် ဖမ်းဆီးရမိပြီး နေအိမ်အတွင်းသို့ ဆက်လက်၍ ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း တာချီလိတ်မူးယစ်မှ အရာရှိတစ်ဦး ထံမှ သိရသည်။

ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးများမှာ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၆,၀၀၀)ပြားစီ ပါသည့် အထုပ်ကြီး (၉)ထုပ် စုစုပေါင်း ဆေးပြား (၅၄,၀၀၀)ပြားရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း(၁,၃၅၀)သိန်းခန့်ရှိပြီး၊ ဆက်လက်၍ ရှာဖွေရာ ဆန်ခွက်(ကျား) အိပ်သည့် အိပ်ခန်းအတွင်းရှိ မှန်တင်ခုံအောက်မှ မက်သာအက်ဖီတမင်း(အိုက်စ်) (၀.၈၅)ကီလိုခန့် ရှာဖွေတွေ့ရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၁၂.၅)သိန်းခန့်ရှိကြောင်း သိရသည်။

ရှာဖွေသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်း ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ( ၁,၅၆၀)သိန်းခန့်ရှိကြောင်း နှင့် အဆိုပါ နေအိမ်မှာ လက်ကိုင်ဖုန်း (၂)လုံး အပြင် နေအိမ်ဘေးဂိုဒေါင်အတွင်းမှ မတ်တူးအမျိုးအစား မော်တော်ယာဉ် တစ်စီးတို့ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် ဆန်ခွက်(ကျား) နှင့် အားချင်(ကျား)တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၅၀/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~