အေးသာယာနယ်မြေရဲစခန်းမှ အလိုရှိနေသူ၏ တာချီလိတ်ရှိ နေအိမ်အား ၀င်စစ်ရာမှ မူးယစ်ဆေးဝါးနှင့် အခြား ဆက်စပ်ပစ္စည်းများ တွေ့ရှိ

အေးသာယာနယ်မြေရဲစခန်းမှ အလိုရှိနေသူ၏ တာချီလိတ်ရှိ နေအိမ်အား ၀င်စစ်ရာမှ မူးယစ်ဆေးဝါးနှင့် အခြား ဆက်စပ်ပစ္စည်းများ တွေ့ရှိ
နိုဝင်ဘာ 24, 2015
By Tachileik News Agency

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)ရှိ နေအိမ်တစ်အိမ်၌ ကျပ်(၅၆)သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အခြား ဆက်စပ်ပစ္စည်းများအား နိုဝင်ဘာလ(၂၃)ရက်နေ့ ညနေ(၃)နာရီခွဲ ၀န်းကျင်က  ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့ အေးသာယာ နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိနေသူဖြစ်သည့် တာချီလိတ်မြို့ တော်ကော့(အတွင်း)ရှိ အိုက်နု(ခ)စိုင်းဆန်နု၏ နေအိမ်အား ၀င်ရောက် စစ်ဆေးရှာဖွေရာ ၎င်းအား နေအိမ်တွင် မတွေ့ရှိရဘဲ ခြံစောင့်ဖြစ်သူ စိုင်းခမ်းစိန်(ခ)အားသို ကိုသာ တွေ့ရှိရပြီး နေအိမ်အတွင်း ဆက်လက် ရှာဖွေရာမှ မူးယစ် ဆေးဝါးများနှင့် အခြား ဆက်စပ်ပစ္စည်းများကို ရှာဖွေရရှိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
ထိုသို့ ရှာဖွေရာတွင် မြေကွက်လပ်တွင် မြေကျင်းတူးပြီး မြှုပ်နှံထားသည့် အလေးချိန် (၀.၃၅)ကီလိုဂရမ်ခန့်ရှိပြီး ကာလတန်ဖိုးငွေ ကျပ်(၅၆)သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၁)တုံးကို တွေ့ရှိရကြောင်း နှင့် နေအိမ်အတွင်း အိုက်နု အိပ်သည့် အိပ်ခန်းအတွင်းမှ မူးယစ်ဆေးဝါးချိန်တွယ်သည့် စတီးဗန်း (၂)ခုပါ ချိန်ခွင်(၁)ခု၊ ဆိုင်ကယ်မှတ်ပုံတင် စာအုပ် (၁)အုပ်၊ မြန်မာ့အာမခံလုပ်ငန်း စာအုပ်(၁)အုပ်နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေကျပ်သိန်း (၃၆၀)ကျော် ထည့်သွင်းထားသည့် ဦးစိုင်းဆန်နု အမည်ပါ ငွေစုစာအုပ် (၁)အုပ်တို့ အပြင် ခြံဝင်းအတွင်းမှ Mitsubishi Pajero V-46 အမျိုးအစား မော်တော်ယာဉ် (၁)စီးနှင့် ၎င်းမော်တော်ယာဉ် နောက်ခန်းအတွင်းမှ ထိုင်းဘတ်ငွေ (၂၅)သိန်းအား လည်းကောင်း၊ ဆက်လက်၍ အိုက်နု (ခ) စိုင်းဆန်နု ပိုင်ဆိုင်သည့် တော်ကော့(အတွင်း) ရပ်ကွက်၊ ဂိုဒေါင်နှင့် ခြံဝင်းအား ၀င်ရောက်ရှာဖွေရာ Mini Box Truck အမျိုးအစား မော်တော်ယာဉ် (၁)စီးအား လည်းကောင်း တွေ့ရှိရသည့်အတွက် သက်သေများရှေ့မှောက်တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူ စိုင်းခမ်းစိန်(ခ)အားသို နှင့် မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူ တိမ်းရှောင်တရားခံ အိုက်နု(ခ)စိုင်းဆန်နု တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၅၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~