စတိုးဆိုင် တစ်ဆိုင်အတွင်း အမည်မသိ အမျိုးသား နှစ်ဦးမှ အထုပ်တစ်ထုတ် လာထားသွားရာ အတွင်း၌ မူးယစ်ဆေးဝါးများ ဖြစ်နေ

စတိုးဆိုင် တစ်ဆိုင်အတွင်း အမည်မသိ အမျိုးသား နှစ်ဦးမှ အထုပ်တစ်ထုတ် လာထားသွားရာ အတွင်း၌ မူးယစ်ဆေးဝါးများ ဖြစ်နေ
စက်တင်ဘာ 30, 2015
By Tachileik News Agency

တာချီလိတ်၌ အမည်မသိသူ အမျိုးသားနှစ်ဦးမှ အထုပ်တစ်ထုတ်အား စတိုးဆိုင် တစ်ဆိုင်တွင် လာရောက်ချထားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်မှ တွေ့ရှိသွားပြီး ဖွင့်ကြည့်ရာ မူးယစ်ဆေးဝါးများဖြစ်နေကြောင်း သိရသည်။

"လူနှစ်ယောက် ဖုန်းကတ်လာဖြည့်တာ၊ ဖုန်းကတ်ဖြည့်ပြီး ဖုန်းဆက်နေသေးတယ်၊ ပြီးတော့ အထုပ်ကို ချသွားတယ်၊ ချသွားပြီးတော့ နှစ်ယောက်လုံး အပြင်ကို ထွက်သွားတယ်၊ တစ်ယောက်က ဆိုင်ကယ်နဲ့ ထွန်းလင်းရောင်နားမှာ စောင့်နေတဲ့ သဘောပဲ၊ တစ်ယောက်က ဆိုင်ဘက်ကို ပြန်အလာမှာ အစ်မက အပြင်ထွက်ပြီး ဖုန်းဆက်နေတာကို အဝေးကတွေ့တော့ အဲ့ဒီလူလည်း ဆိုင်ကို မလာတော့ပဲ ပြန်လှည့်သွားတာကို CCTV ကနေ တွေ့ရတယ်.."ဟု ဆိုင်ရှင်၏ ဆွေမျိုးတော်စပ်သူမှ ပြောပြသည်။

ဖြစ်စဉ်မှာ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ ညနေ(၅)နာရီ ၀န်းကျင်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ထွန်းလင်းရောင် အနီးရှိ "အိမ်ချစ်မေ"စတိုးဆိုင်တွင်  ရောင်းကုန်ပစ္စည်းများထားသည့် စင်အောက်တွင် အမည်မသိသူ အမျိုးသားနှစ်ဦးသည် ပစ္စည်းထုပ် (၁)ထုတ် ချထားသွားပြီး ထွက်ခွာသွားရာ ဆိုင်ပိုင်ရှင်မှ မသင်္ကာ၍ ဖွင့်ကြည့်ရာမှ အဆိုပါ အိတ်တွင်း၌ မူးယစ်ဆေးဝါးများ ပါဝင်နေတာကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာ နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းမင်း နှင့် တာဝန်ရှိသူများမှ ရောက်ရှိသွားပြီး အဆိုပါ အိတ်အတွင်း ဆက်လက် စစ်ဆေးရာ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၉၀)ပြားပါသည့် အထုပ်(၅)ထုတ်ပါရှိရာ စုစုပေါင်း စိတ်ကြွဆေးပြားမှာ (၉၅၀)ပြား ပါဝင်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများအား သိမ်းဆည်းခဲ့ပြီး စိတ်ကြွဆေးပြားများအား လာရောက်ထားသွားသူ အမည်မသိ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိရန်အတွက် ကြိုးပမ်းနေလျက်ရှိကြောင်း နှင့် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၃၇/၂၀၁၅၊ မူးစိတ် ၁၉(က)အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~