တာချီလိတ် အထက ၌ ကျောင်းအကျိုးတော်ဆောင် ရွေးချယ်ပွဲနှင့် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

တာချီလိတ် အထက ၌ ကျောင်းအကျိုးတော်ဆောင် ရွေးချယ်ပွဲနှင့် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ
သြဂုတ် 30, 2015
By Tachileik News Agency

ရှမ်းပြည်နယ်  အရှေ့ပိုင်းဒေသ တာချီလိတ်အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအကျိုးတော်ဆောင် ရွေးချယ်တင်မြှောက်ပွဲ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေး နှင့် ပညာရည် ချွန်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့ သြဂုတ်လ(၂၉)ရက်၊ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ ကျောင်းအကျိုးတော်ဆောင် ရွေးချယ်ပွဲကျင်းပရာ မိဘဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဦးထိန်မင်း နှင့် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးဇော်မြင့်တို့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အသစ် ရွေးချယ်တင်မြှောက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ နာယကများအဖြစ် ဦးမြင့်ဦး၊ ဦးဌေးဝင်း၊ ဦးတိုးလှိုင်၊ ဦးဘိုချို နှင့် ဦးစိန်အောင် တို့အား လည်းကောင်း၊ ဦးဇော်မြင့်အား ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးစောထွန်းဦးအား ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဦးနေဦးအား အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ ဦးရဲနန္ဒာလင်းအား ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ ဒေါ်မိုးမိုးစံအား စာရင်းစစ်အဖြစ် လည်းကောင်း အသီးသီး ရွေးချယ်တင်မြှောက်သည်။

ထို့နောက် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနားအား ဆက်လက် ကျင်းပရာ သဘာပတိ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း က အဖွင့် အမှာစကား ပြောကြားပြီး၊ မိဘဆရာ အသင်းအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးထိန်မင်း က ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီးလည်းကောင်း၊ အလယ်တန်းပြဆရာ ဦးယုဝေ က မိဘဆရာအသင်းနှစ်ပတ်လည် အစီရင်ခံစာနှင့် ထောက်ပံ့မှု စာရင်း ရှင်းတမ်း အားလည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာကြီးက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မိဘဆရာအသင်းအလုပ် အမှုဆောင်အဖွဲ့ နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ရွေးချယ်တင်မြှောက် ရခြင်းနှင့် အမှုဆောင်သစ် အမည်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင် လှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဆက်လက်၍ အထက်တန်းပြဆရာမ ဒေါ်ခင်ခင်စိန်က ကျောင်း၏ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မြင့် က ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်အတန်းအလိုက် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြား ပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ ခရိုင်အဆင့် နှင့် ပြည်နယ်အဆင့် တတ်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲတွင် (အေ) အဆင့် ရရှိအောင် သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများ၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နှင့် (၆၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံး ပြိုင်ပွဲများ၌ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲတွင် ဆုရ ကျောင်းသူများ၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပသော ပြေး၊ခုန်၊ပစ် ပြိုင်ပွဲဆုရ ကျောင်းသားကျောင်းသူများနှင့် ကာတွန်း၊ ပန်းချီ၊ ပိုစတာ သင်ကြားပြသ ပေးသည့် ပညာရှင် ဦးရွှေလှဝင်း တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး၊ ကျောင်းအုပ်ဆရာကြီး က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း၊
ဓာတ်ပုံ - ယာဆေး၊ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~