တာချီလိတ်ခရိုင်အတွင်း ပြည်မမှ ဆန်တင်သွင်းမည်ဆိုပါက ပြည်နယ်အစိုးရ၏ ထောက်ခံချက်ပါမှ တင်သွင်းနိုင်မည်

တာချီလိတ်ခရိုင်အတွင်း ပြည်မမှ ဆန်တင်သွင်းမည်ဆိုပါက ပြည်နယ်အစိုးရ၏ ထောက်ခံချက်ပါမှ တင်သွင်းနိုင်မည်
သြဂုတ် 27, 2015
By Tachileik News Agency

နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင်းသို့ ပြည်မမှ ဆန်များသယ်ယူပို့ဆောင်မှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ပါရှိမှသာ တင်သွင်းခွင့်ပြုတော့မှာဖြစ်ကြောင်းကို သြဂုတ်လ(၂၅)ရက်နေ့က တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးတွင် နယ်စပ်ကုန်သွယ်ရေး နှင့် ကုန်သည်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သိရသည်။

ဝန်ကြီးဌာနမှ ၂၄.၈.၂၀၁၅ ရက်စွဲဖြင့် အမြဲတမ်းအတွင်းဝန်ကိုယ်စား လက်ထောက်အတွင်းဝန်မှ လက်မှတ်ထိုးကာ ည(၉)နာရီအချိန်တွင် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပေးပို့လာကြောင်း၊ အဆိုပါ ညွှန်ကြားစာ၌ "နောင်တွင် တာချီလိတ်မြို့တွင်းသို့ ပြည်မမှ ဆန်သယ်ဆောင်ခွင့်နှင့် ပတ်သက်၍ တာချီလိတ်ဒေသ လိုအပ်ချက်အပေါ် သက်ဆိုင်ရာ ဌာနများ၏ တွက်ချက်မှုဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံချက်ဖြင့်သာ သယ်ယူခွင့်ပြုသွားရန်"ဆိုသည့် အချက်အလက်အား တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က ဖတ်ပြသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် ဆန်ကုန်သည်တစ်ဦးက "ဆန်များကို သယ်ဆောင်ရာတွင် အိတ်(၁၀၀)အောက်ကို မစစ်ဆေးဘူး၊ အိတ်(၁၀၀)အထက်ကိုသာ စစ်ဆေးသွားမှာဖြစ်ကြောင်း ပြောထားသည့် အတွက် ဆန်အိတ်(၉၅)အိတ်ကိုသာ သယ်ဆောင်လာသည့်အခါမှာ ဂိတ်တွင် စစ်ဆေးကြောင်း၊ ထိုသို့ စစ်ဆေးသည့်အခါမှာ ထောက်ခံစာ မျိုးစုံတောင်းကြောင်း"စသည့် အခက်အခဲများကို တင်ပြဆွေးနွေးသည်။

ထိုသို့ မေးမြန်းမှုကို တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွှန့်အောင်က "ဒေသအာဏာပိုင်များ၏ ထောက်ခံချက်ပါရှိပါက တင်သွင်းခွင့်ရှိကြောင်း၊ ဆန်များ တင်သွင်းရာတွင် နယ်စပ်ဒေသဖြစ်သည့်အတွက် နယ်မြေအနေအထားအရ စစ်ဆေးတာလည်း ဖြစ်နိုင်ကြောင်း၊ စစ်ဆေးသည့် အခါမှာလည်း ပူးပေါင်းစစ်ဆေးကြောင်း နှင့် ကုန်သွယ်ရေးအပိုင်းနှင့် ပတ်သက်၍ မသိရှိ နားမလည်ပါက စာရွက်စာတမ်းကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် Agency အယောက်(၈၀)ကျော်ရှိကြောင်း.."ရှင်းလင်းပြောကြားသည်။

အချိုရည်များကို တင်သွင်းသည့် ကုမ္ပဏီတစ်ခုမှ အချိုရည်တင်သွင်းရာတွင် အမှတ်တံဆိပ်တူသော်လည်း အချိုရည်အမျိုးအစား မတူသည်ကို Mobile Team မှာ ဖမ်းဆီး သိမ်းဆည်းထားသည် နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွှန့်အောင်က "ကုန်သည်များ ကုမ္ပဏီများ အနေဖြင့် ကုန်ပစ္စည်းများကို တင်သွင်းရန်အတွက် လိုင်စင်ပြုလုပ်သည့် အခါတွင် အချက်အလက် ဖြည့်ရာ၌ အားသာချက်တစ်ခုအနေဖြင့် ကုန်ပစ္စည်း အမည်များကို ဖြည့်သည့်အခါမှာ မိမိတင်သွင်းမည့် အမှတ်တံဆိပ်များနှင့် ဆက်စပ်သည့် အခြား အမှတ်တံဆိပ်များ အမည်တော်တော်များများကို ဖြည့်ထားသည်က ပိုမိုသင့်လျော်ကြောင်း နှင့် Mobile Team နှင့် ပတ်သက်၍လည်း Mobile Team ဆိုသည်မှာ ရွေ့လျားသွားလာ စစ်ဆေးရတာဖြစ်သည့်အတွက် တစ်နေရာတည်းတွင် ထိုင်၍ စစ်ဆေးလို့မရကြောင်း " ရှင်းပြသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ Mobile Team အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဆန်လိုအပ်ချက်များနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်တွင် လူဦးရေစုစုပေါင်း (၁၃၂,၆၈၆)ဦးကျော် ရှိနေပြီး တာချီလိတ်ခရိုင်အတွင်း ဆန်လိုအပ်ချက်မှာ တင်းပေါင်း (၄၈၇၈၆၃၆)တင်း ဖြစ်ကြောင်းနှင့် ဇူလိုင်လအတွင်း ပြည်မနှင့်ဒေသအတွင်း ရေဘေးကြောင့် စေတနာရှင်များမှ ပြန်လည် ထောက်ပံ့ပို့ဆောင်သည့် ဆန်အိတ်များလည်း အမြောက်များရှိခဲ့ကြောင်းနှင့် တာချီလိတ်ဒေသတွင် တစ်ဖက်ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဆန်များကိုလည်း စားသုံးနေရကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~