တာချီလိတ်မှ ထွက်ခွာသွားသည့် ရေဘေးထောက်ပံ့ရေးအဖွဲ့ ကလေးမြို့သို့ ရောက်ရှိ

တာချီလိတ်မှ ထွက်ခွာသွားသည့် ရေဘေးထောက်ပံ့ရေးအဖွဲ့ ကလေးမြို့သို့ ရောက်ရှိ
သြဂုတ် 16, 2015
By Tachileik News Agency

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ သူရိသင်္ကန်းတိုက် နှင့် ဗယ်လင်တိုင်း(ကဖေးနှင့်အအေး) စားသောက်ဆိုင်တို့တွင် ရေဘေးသင့်ပြည်သူများ အတွက် ဇူလိုင်(၂၈)ရက်နေ့က အလှူခံဌာနများ ဖွင့်လှစ်ခဲ့ပြီးနောက် သြဂုတ်လ (၉)ရက်နေ့က တာချီလိတ်မှ တဆင့် မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးသို့ ထောက်ပံ့ပစ္စည်းများနှင့်အတူ ထွက်ခွာသွားရာ ယနေ့ သြဂုတ်လ(၁၆)ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိကြောင်း သိရသည်။

"အခုညတော့ ကလေးမြို့မှာ၊ နက်ဖြန် မုံရွာကိုပြန်တယ်၊ အဲ့ဒီကနေ  ကောလင်း ဆက်သွားမယ်၊၊ မန္တလေးမှာ (၂)ရက်နားပြီးတော့ တာချီလိတ်က ငွေတောင်ဦးဆရာတော် ပေးပို့လာမဲ့ ဧရာဝတီတိုင်းအတွက် ထောက်ပံ့ပစ္စည်းတွေကို  မိတ္ထီလာကနေ စောင့်ယူပြီး ဧရာဝတီတိုင်းကို ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားပါတယ်"ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဖြိုးရှိန်က ဖုန်းဖြင့် ပြောလာသည်။

ယခုလက်ရှိတွင် ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်နှင့် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်တို့တွင် လက်ခံရရှိထားသော ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများကို ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)၏ စီမံမှုဖြင့် စနစ်တကျ ထုပ်ပိုးနေလျက်ရှိပြီး မကြာမီတွင် ဧရာဝတီတိုင်းဒေသကြီးသို့ ပို့ဆောင်တော့မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net