တာချီလိတ် Mobile Team မှ သိမ်းဆည်းပစ္စည်းများကို ဖျက်ဆီးသည့်အတွက် ဒေသခံများ ဝေဖန်

တာချီလိတ် Mobile Team မှ သိမ်းဆည်းပစ္စည်းများကို ဖျက်ဆီးသည့်အတွက် ဒေသခံများ ဝေဖန်
ဇူလိုင် 23, 2015
By Tachileik News Agency

တာချီလိတ် Mobile Team အဖွဲ့မှ ကီလို(၅၂၅)ကီလိုရှိပြီး တန်ဖိုးငွေကျပ် (၁၃)သိန်းကျော် တန်ဖိုးရှိသည့် တရားမ၀င် သယ်ဆောင်လာသော အေးခဲအသားများကို ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းက မီးရှို့မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း တာချီလိတ် Mobile Team မှ သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း Mobile Team အဖွဲ့မှ ဦးစီးအရာရှိ ဦးမောင်မောင် နှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွှန့်အောင်တို့ ဦးစီးသည့် အဖွဲ့သည် ဇူလိုင်လ(၂၂)ရက် မွန်းလွဲ(၂)နာရီအချိန်က မယ်ယန်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေစဉ် တာချီလိတ်မြို့တွင်းမှ ရောက်ရှိလာသည့် မော်တော်ယာဉ် (၂)စီးအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ အဆိုပါ အေးခဲအသားများကို တွေ့ရှိရသည့်အတွက် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းလိုက်တာဖြစ်ကြောင်း သိရသည်။

"အခုလို မဖျက်ဆီးဘဲ တခြားနည်းလမ်းအနေနဲ့ အကျိုးရှိတဲ့ဘက် သုံးရင် အဆင်ပြေနိုင်မယ်လို့ မျှော်လင့်မိတယ်၊ ဒီလို ဖျက်ဆီးတဲ့ နည်းလမ်းနဲ့တော့ တရားမ၀င် သယ်ဆောင်လာသူတွေ လျော့ပါးသွားမှာ မဟုတ်ဘူး၊ ကြားခံပစ္စည်းတွေပဲ အလဟဿ ဖြစ်သွားမှာပဲ..."ဟု မြို့မဈေးမှ ဈေးသည်တစ်ဦးက ဆိုသည်။

"Mobile Team က မူဝါဒကို ဘယ်လို ချထားလဲဆိုတာကတော့ ကျွန်တော်တို့ မသိပေမဲ့၊ အခုလို ဖမ်းဆီးပြီး မီးရှို့မြေမြှုပ်ဖျက်ဆီးတာတွေက အလကားပဲလို မြင်မိတယ်၊ တရားမ၀င်ဘူးဆိုရင် သူတို့ကို ပညာပေးတဲ့ အနေနဲ့ အခုလို ဖမ်းမိရင် အခွန်နှစ်ဆဖြစ်ဖြစ်၊ ဒဏ်ငွေခပ်များများ ဖြစ်ဖြစ် ကောက်လိုက်ရင် သူတို့လည်း တဖြေးဖြေးနဲ့ သတိထားလာလောက်မှာပါ၊ အခုလို လုပ်တာက သူများစားနေတဲ့ အစာကို ပုတ်ထုတ်တာနဲ့ တူနေတယ်.."ဟု ဒေသခံ ကိုကျော်အောင်က ဝေဖန်ထောက်ပြပြောဆိုလာသည်။

သိမ်းဆည်းရမိသည့် အေးခဲအသားများတွင် ယာဉ်တစ်စီးပေါ်မှ (၃၁၀)ကီလိုရှိ အေးခဲအသားများနှင့် ကျန်ယာဉ်တစ်စီးပေါ်မှ (၂၁၅)ကီလိုရှိသည့် အေးခဲအသားများကို ရှာဖွေသိမ်းဆည်းရမိရာ စုစုပေါင်းမှာ (၅၂၅)ကီလို ရှိကြောင်းနှင့် အဆိုပါ ပစ္စည်းများကို အကောက်ခွန်အမှုတွဲဖွင့်လှစ်ကာ မီးရှို့မြေမြှုပ် ဖျက်ဆီးရန်အတွက် တင်ပြပြီးနောက် ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းမှာ ဖျက်ဆီးတာဖြစ်ကြောင်း တာချီလိတ် Mobile Team မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~