ကျောမလုံတော့သည့် ဆိုင်ကယ်တက္ကစီ ဘ၀ ( ဆောင်းပါး )

ကျောမလုံတော့သည့် ဆိုင်ကယ်တက္ကစီ ဘ၀ ( ဆောင်းပါး )
ဇူလိုင် 2, 2015
By Tachileik News Agency

ကျွန်တော်တို့ လူသားတွေဟာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေစားသောက် နေကြရတာပါ၊ ရိုးရိုးသားသား ရှာဖွေနေတဲ့ (သမလောဘ)နည်းလမ်းများရှိသလို မရိုးသားသော (ဝိသမလောဘ) နည်းလမ်းများနှင့် ရှာဖွေစားသောက်နေသူများလည်း ရှိကြပါတယ်။

ဆောင်းပါးရှင်။  ။ ဦးတင့်ဆွေ ( မဇ္ဈိမ လူမှုကူညီရေးအသင်း )

(၀ိသမလောဘ)မတရားတဲ့ နည်းလမ်းများစွာ ထဲမှာမှ ဥစ္စာပစ္စည်းရယူချင်တာ သက်သက်နဲ့
လူတစ်ယောက်ရဲ့ အသက်ကို သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်မျိုးကတော့ တကယ်ကို အဆိုးရွားဆုံးပါ..။

ကျွန်တော်တို့ တာချီလိတ်မြို့ဟာ မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့မှာ တည်ရှိနေတာဖြစ်ပြီး လူတန်းစားမျိုးစုံ စုံလင်စွာဖြင့် နေထိုင်ကြတဲ့အထဲမှာမှ  ရိုးသားစွာ ရှာဖွေစားသောက်နေကြတဲ့ ဆိုင်ကယ်တက္ကစီမောင်း
သူများရဲ့ ဘဝဟာလည်း ယခုဆိုရင် နောက်ကျောမလုံတဲ့ အဖြစ်တွေနဲ့ ကြုံတွေ့နေရပါတယ်...။

မိသားစုရဲ့ စားဝတ်နေရေးအတွက် ဆိုင်ကယ်တက္ကစီမောင်းဖို့ အိမ်မှထွက်သွားသောသူများကို မိသားစုများမှာလည်း အချိန်တန်လို့မှ အိမ်ပြန်ရောက်မလာသေးဘဲ နောက်ကျနေရင်ဖြင့် ရင်တထိတ်ထိတ်နှင့် စိုးရိမ်နေရတဲ့အဖြစ်ဟာ ဘာနဲ့ အလားသဏ္ဌာန်တူနေသလဲဆိုတော့ ရှေ့တန်း ထွက်နေတဲ့ စစ်သည်တော်များရဲ့မိသားစုတွေနဲ့ တူနေပါတော့တယ်။

ဆိုက်ကယ်တက္ကစီမောင်းသူများဟာ လောင်းကစားသမား၊ မူးယစ်ဆေးဝါးသမားများရဲ့ သားကောင်းအဖြစ်သော်လည်းကောင်း၊ ငွေကြေးရလို၍ ဆိုင်ကယ်လုယူရန်သော်လည်းကောင်း စသည်ဖြင့် (၂၀၁၄)ခုနှစ်ထဲမှာ တာချီလိတ်မြို့ ဖားဟိကျေးရွာမှာ တစ်ဦး အသတ်ခံရပြန်တယ်၊ တာချီလိတ်မြို့ ပါလျံ(၂)ရပ်ကွက်မှာ ဆိုင်ကယ်တက္ကစီမောင်းသူ (၁)ဦးကို သတ်ပြီး ရေတွင်းထဲ ပစ်ချထားခြင်း ခံခဲ့ရပြန်ပါတယ်။

( အသတ်ခံရသည့် ကိုဘိုဝင်း နာရေး )

ယခု(၂၀၁၅)ခုနှစ် ဧပြီလထဲမှာဆိုလျှင် မိုင်းဖြတ်မြို့အနီးတွင် တာချီလိတ်မြို့မှ ဆိုင်ကယ်တက္ကစီမောင်းသူ (၁)ဦး အသတ်ခံခဲ့ရပြီး ယခုနောက် ဆုံးဖြစ်စဉ်မှာ (၂၈-၆-၂၀၁၅)ရက်နေ့က တာချီလိတ်မိုင်းဖုန်းကိုသွားတဲ့ ကားလမ်းပေါ် (ဦးထွန်းအောင်ဝါးတားဂိတ်အနီး)တွင် ဦးဘိုဝင်း(၃၅)နှစ်မှ အသတ်ခံခဲ့ရပြန်ပါတယ်။

(၂)နှစ်အတွင်းမှာ ဆိုင်ကယ်တက္ကစီမောင်းသူ (၄)ဦးတိတိတောင် အသတ်ခံခဲ့ ရပါတယ်။ (၃၀-၆-၂၀၁၅) ရက်နေ့မှာ  ဦးဘိုဝင်း(၃၅)နှစ်ရဲ့ နာရေးကို လိုက်ပါပို့ဆောင်ပေးကြတဲ့ ဆိုင်ကယ်တက္ကစီ မောင်းသူများနဲ့ မြို့မသုဿန်မှာ ခဏတွေ့ဆုံခဲ့ရာ သေဆုံးသူ ဦးဘိုဝင်း အသတ်ခံရသည့် အကြောင်းကို ပြောပြနေကြရင်းနဲ့ ဆိုင်ကယ် တက္ကစီမောင်းသူ (၁)ဦးမှ ကျွန်တော့်ကို ပြောလာပါတယ်၊ ခုဆိုရင်ကျွန်တော်တို့ အလှည့် ဘယ်တော့ရောက် လာမလဲဆိုပြီး တွေးပူနေရတဲ့ အဖြစ် ရောက်နေတယ်တဲ့.. အဲဒီစကားကြားလိုက်ရချိန် တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်ဗျာ၊ စိတ်ထဲမှာတစ်မျိုးကြီးကို ခံစားလိုက်ရတာပါ၊

ကျွန်တော်သူတို့ကို မေးကြည့်လိုက်တယ် အဲ့ဒီလိုအသတ်ခံနေရတာတွေက ဆိုင်ကယ်လိုချင်တဲ့
ရည်ရွယ်ချက်တစ်ခုနဲ့ပဲ ခုလိုဖြစ်နေတာလားဆိုတော့ ဟုတ်တယ်တဲ့..။

ဒါဆိုရင် ဧည့်သည်က ခရီးအဝေးကို ပို့ခိုင်းမယ်ဆိုရင် ဥပမာ (၁)လွယ်တော်ခမ်းဂိတ် (၂) မယ်ယန်းဂိတ်၊ (၃) ဝှေလေလန်ဂိတ်တို့ပေါ့ အဲဒီဂိတ်တွေကို ကျော်ပြီး ပို့ဆောင်ပေးရတော့မယ် ဆိုရင် ခရီးသည်ကို အရင်ဆုံး သဘောပေါက် နားလည်အောင် ပြောပြပြီးတော့ သူ့ရဲ့ခရီးဆောင် အိတ်နဲ့ သူ့ခန္ဓာကိုယ်ကအစ အရင်ဆုံး လက်နက်ပါ မပါ စစ်ဆေးမယ်၊ ပြီးရင် ခရီးသည်နာမည်နဲ့ လိုက်ပါပို့ ဆောင်ပေးမယ့် ဆိုင်ကယ်သမားရဲ့ နာမည်၊ ဆိုင်ကယ်အင်္ကျီနံပါတ်၊ ပို့ဆောင်ပေးရမယ့် နေရာ အဲဒါတွေကို ဆိုင်ကယ်ဂိတ်မှာ မှတ်တမ်း ရေးပေးထားပြီးမှ လိုက်ပါပို့ဆောင်ပေးရင် အဆင်ပြေနိုင်မလား၊မကောင်းဘူးလား ဆိုတော့ သူတို့တွေ စိတ်ဝင်စားမှု အပြည့်ပေါ်လာတဲ့ မျက်နှာလေးတွေနဲ့ ကောင်းတယ်လို့ ပြောလာကြပါတယ်...။

နောက်တစ်ခုက သားတို့မှာ ကင်မရာပါတဲ့ လက်ကိုင်ဖုန်းတွေရှိနေတာပဲ ခရီးသည်ကို ကျွန်တော်တို့တွေရဲ့ အသက်အန္တရာယ် အတွက်လူကြီးတွေချမှတ်ထားတဲ့ စည်းကမ်းဖြစ်နေလို့ပါလို့ပြောပြီး ဓာတ်ပုံ ရိုက်ထားလိုက်ရင်ရော ဖြစ်နိုင်လောက်လားဆိုတော့ ကောင်းတယ်ဆိုတဲ့ အသံက ပြိုင်တူလိုလို ထွက်ပေါ်လာပါတယ်..။

ဓာတ်ပုံရိုက်ထားတာကို သိနေမယ်ဆိုရင် တကယ်မကောင်းကြံမဲ့လူ အနေနဲ့ သူ့ဓာတ်ပုံဟာ ဂိတ်မှာ
ရှိနေတာ သူသိထားတဲ့ အတွက် ပြစ်မှုကျူးလွန်ဖို့က (၅၀%)လောက်လျော့သွားမယ် ထင်တယ်။
ဒါက မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ စဉ်းစားတဲ့ သဘောပေါ့၊ သားတို့ အနေနဲ့ လူတိုင်းလူတိုင်းဟာ
ကိုယ့်အလှည့်ရောက်တော့မယ်လို့ စိတ်ထဲမှာတွေးထားပြီး (၅)ယောက်မြောက် အသတ်ခံရတယ်
ဆိုတာ ရှိကိုမရှိစေရဘူးဆိုတဲ့ စိတ်ဓာတ်မျိုး မွေးပြီး သတိထားနေမှဖြစ်တော့မယ်နော်ဆိုတော့ အားလုံး
သဘောတူလက်ခံစွာနဲ့အမြန်ဆုံးအစည်းအဝေးလုပ်မယ်လို့ ပြောကြပါတယ်..။

ကျွန်တော်တို့ တာချီလိတ်မြို့မှာ ဆိုင်ကယ်တက္ကစီ ဂိတ်ပေါင်း (၆၅)ဂိတ်ရှိတယ်လို့လည်း သူတို့ ပြောပြပါတယ်။ ဖေ့ဘွတ်ပေါ်မှ မိတ်ဆွေအပေါင်းတို့ အနေနဲ့ ယခုဆိုင်ကယ်တက္ကစီသမားလေးတွေရဲ့ အဖြစ်ကို သိရှိလိုက်ရပြီဆိုတော့ ၀ိုင်းဝန်းပြီး အကြံကောင်း ဥာဏ်ကောင်းများကို ကွန်မန့်လေးတွေ ရေးပေးကြပါဦးလို့ လေးစားသမှုနဲ့မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။

အထက်မှာ ကျွန်တော်ပြောခဲ့တာတွေကတော့ ဆိုင်ကယ်တက္ကစီမောင်းသူတွေဖက်ကနေပြီးစဉ်းစား
ထွက်ပေါ်လာတဲ့ အကြံပါ။

ခရီးသည်နေရာကလည်း စဉ်းစားပြီး ရေးပေးစေချင်ပါတယ် ငါသာခရီးသည်ဆိုရင် လက်ခံနိုင်မလားပေါ့
ရေးလာပေးကြတဲ့ အကြံဥာဏ်တွေကို ရယူပြီးသက်ဆိုင်ရာ လူကြီးတွေနဲ့ တက္ကစီဆိုင်ကယ်မောင်းသူတွေ
ဝိုင်းဝန်းစဉ်းစား အကောင်အထည်ဖော်လိုက်ရင် (၅)ယောက်မြောက် အသတ်ခံရမဲ့ တက္ကစီမောင်းသူ
ဆိုတာ မရှိလောက်ဘူးလို့ ထင်မြင်သုံးသပ်မိပါတယ်။

လူမှုကွန်ယက်မှာ အတူစုညွှန်မယ့် အကြံကောင်းဥာဏ်ကောင်းများကြောင့် ဆိုင်ကယ်တက္ကစီမောင်းသူ
တွေရဲ့ဘဝဟာ နောက်ကျောလုံလို့ ရှေ့လမ်းလည်းယုံရကာ စိတ်အေးလက်အေးနဲ့ဘဝရှေ့ရေး
ပျော်ပျော်လေးလျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

ဆောင်းပါးရှင်။  ။ ဦးတင့်ဆွေ ( မဇ္ဈိမ လူမှုကူညီရေးအသင်း )
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~