တာချီလိတ်မြို့နယ်ရှိ ကျေးရွာ တစ်ရွာအား မြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

တာချီလိတ်မြို့နယ်ရှိ ကျေးရွာ တစ်ရွာအား မြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ဇူလိုင် 28, 2015
By Tachileik News Agency

နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော ကျေးရွာများရှိ မြေများကို မြေပိုင်ဆိုင်မှု အထောက်အထား ကင်းမဲ့စွာ နေထိုင်ရခြင်းအစား၊ ခိုင်မာသည့် တရားဝင် အထောက်အထား ( Legal Document  ) မြေငှားဂရန် ( Lease) ရရှိခြင်းအားဖြင့် ကျေးရွာနေ ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ပိုမိုရရှိ စေမည်ဖြစ်၍ တစ်မြို့နယ်လျှင် ကျေးရွာတစ်ရွာအား မြေငှားဂရန် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် တာချီလိတ်မြို့နယ်တွင် စံပြကျေးရွာ တစ်ရွာအဖြစ် ဆောင်ရွက် ပေးမည့် ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ယန်းကျေးရွာအား ကျေးရွာ နယ်နိမိတ် သတ်မှတ်ခြင်း လုပ်ငန်းကို ဇူလိုင်(၂၇)ရက် ၊ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကျော်နန္ဒ ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှသိန်း နှင့် အဖွဲ့ဝင်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

ကျေးရွာနယ်နိမိတ် သတ်မှတ်ဆောင်ရွက်ရာတွင် စီစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ၊ ခရိုင်မြေစာရင်း ဦးစီးဌာနမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်တို့က ကွင်းဆင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးမည့် မယ်ယန်းကျေးရွာသည် တာချီလိတ်မြို့မှ(၇)မိုင်ခန့် ကွာဝေးပြီး၊ အိမ်ခြေ(၂၆၀)၊ အိမ်ထောင်စု(၃၀၃)စု နှင့် လူဦးရေ(၁၄၂၉)ဦးရှိပြီး၊ ဧရိယာဧက(၆၉)ဧက ကျယ်ဝန်းသည့် ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~