ကျပ်သိန်းပေါင်း ၁၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ နမ့်ခမ်း၌ ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်း ၁၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ နမ့်ခမ်း၌ ဖမ်းဆီးရမိ
ဇူလိုင် 7, 2015
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ယနေ့ ဇူလိုင်လ(၇)ရက် နံနက် (၁၀း၃၀)နာရီအချိန်က ငွေကျပ်သိန်းပေါင်း (၁၆၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှု ရွှေလီစစ်ဆင်ရေး(၂)စီမံချက်အရ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ အပါအ၀င် မူးယစ်တပ်ဖွဲ့စု(၁၀၂)နေပြည်တော် နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် မူးယစ်ဆေးဝါးသတင်းအရ နမ့်ခမ်း - မူဆယ်သွား ကားလမ်း၊ နမ့်ခမ်းမြို့အထွက် မန့်ခမ်းကျေးရွာအ၀င် ကားလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် မူဆယ်မြို့ဘက်မှ နမ့်ခမ်းမြို့ဘက်သို့ အားချန်(ကျား)မောင်းနှင်ပြီး အားရှောင်(ကျား) စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရန် ဆောင်ရွက်စဉ် ၎င်းတို့(၂)ဦးမှာ ယင်းဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသဖြင့် တပ်ဖွဲ့ဝင်များမှ လိုက်လံလုံးထွေး၍ ဖမ်းဆီးရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၎င်းတို့ထံ ဆက်လက်ရှာဖွေရာမှ စိတ်ကြွဆေးပြားများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း နမ့်ခမ်းမူးယစ်လှုပ်ရှားအဖွဲ့မှ သိရသည်။

ထိုသို့ ဖမ်းဆီးရမိရာတွင် အားရှောင်(ကျား)၏ နောက်ကျောတွင် ပိုးထားသည့် ကျောပိုးအိတ်အတွင်းမှ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား စုစုပေါင်း အပြား(၈၀၀၀၀)ကို ရှာဖွေတွေ့ရှိတာဖြစ်ပြီး ၎င်းတို့(၂)ဦးအား နမ့်ခမ်းမြို့မရဲစခန်းတွင် မယ(ပ)၇၀/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~