တာချီလိတ်၌ ဆိုင်ကယ်တက္ကစီမောင်းသူ တစ်ဦး လည်လှီးသတ်ခံရပြီး နာရီပိုင်းအတွင်း သတ်ဖြတ်သူကို ဖမ်းမိ

တာချီလိတ်၌ ဆိုင်ကယ်တက္ကစီမောင်းသူ တစ်ဦး လည်လှီးသတ်ခံရပြီး နာရီပိုင်းအတွင်း သတ်ဖြတ်သူကို ဖမ်းမိ
ဇွန် 28, 2015
By Tachileik News Agency

တာချီလိတ်၌ ယနေ့ ဇွန်လ(၂၈)ရက် နံနက်(၄)နာရီကျော်တွင် ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦး လည်လှီးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ကာ ဆိုင်ကယ်လုယူသွားသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ်ရှိ ရှမ်းဝိုင်းဆိုင်ကယ်တက္ကစီဂိတ်တွင် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် တက္ကစီ ကျောနံပါတ် (၂၀၉)ဖြင့် ဆိုင်ကယ်ပြေးဆွဲနေသူ အသက်(၃၆)နှစ်ဝန်းကျင်ရှိ ကိုဘိုဝင်းသည် နံနက်အစောပိုင်း၌ အဆိုပါ ဂိတ်၌ အလှည့် နံပါတ်(၁)အနေဖြင့် ခရီးသည် စောင့်ဆိုင်းနေစဉ်မှာ အမည်မသိ အမျိုးသားတစ်ဦးမှ ရောက်ရှိလာပြီး မိုင်းဖုန်းသို့ လိုက်ပါ ပို့ဆောင်ပေးရန် ပြောကြားရာမှ လိုက်ပို့ပေးရင်း တာချီလိတ် - မိုင်းဖုန်းသွားကားလမ်း၊ ဦးထွန်းအောင် တံတားအနီး ဂိတ်နှင့် (၂)ဖာလုံခန့် အရောက်တွင် ယခုလို လည်လှီးသတ်ဖြတ်ခံရပြီး ဆိုင်ကယ်လုယူမှုကို ခံလိုက်ရတာဖြစ်ကြောင်း ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီပြေးဆွဲသူများ၏ ပြောပြချက်အရ သိရသည်။

အလောင်းအား စတင်တွေ့ရှိသူ ရောင်နီဦး ဆိုင်ကယ်တက္ကစီဂိတ်မှ ကိုအာခါလေးက "ကျွန်တော်က နမ့်လုတ်(အာခါရွာ)မှာနေတာ ရွာကနေ ရောင်နီဦးဂိတ်မှာ ဆိုင်ကယ်ဆွဲတာဆိုတော့ မနက် (၅)နာရီလောက် ရွာက အထွက် ၀ါးတားဂိတ်ကျော်လာပြီး (၂)ဖာလုံခန့်အရောက်မှာ လူတစ်ယောက် အခုလို အသတ်ခံထားရတာကိုတွေ့လို့ ချက်ချင်းပဲ မနီးမဝေးမှာရှိတဲ့ လူကုန်ကူးရဲတပ်ဖွဲ့ကို သွားအကြောင်းကြားခဲ့ပါတယ်.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

"အခင်းဖြစ်တဲ့နေရာကို အားလုံးလည်းရောက်လာပြီး စုဝေးစုဝေး ဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ပဲ လူသတ်သွားတဲ့သူက သူယူသွားတဲ့ ဆိုင်ကယ်နဲ့ ကျွန်တော်တို့နားက ဖြတ်သွားတာ၊ အဲ့လို ဖြတ်သွားတာမြင်တော့ ၀ါးတားဂိတ်က လူကလည်း ဘေးနားမှာ ရှိနေတာဆိုတော့ အဲ့ဒီလူပဲ လူသတ်တာလို့ အော်လိုက်တော့၊ ဟိုလူကလည်း ဆိုင်ကယ်မောင်းပြေးသွားတယ်၊ ကျွန်တော်တို့ ဆိုင်ကယ်သမားတွေလည်း ရဲနဲ့အတူ လိုက်ဖမ်းတာပေါ့၊ နောက်ဆုံး ရဲကားထင်တယ် အဲ့ဒါနဲ့ အမီလိုက်ဖမ်းလိုက်တာ ချက်ချင်းပဲ မိသွားတယ်..."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

သတ်ဖြစ်သွားသူသည် ၎င်း၏ အင်္ကျီတွင် သွေးများပေကျန်နေလျှက်အပြင် ဆိုင်ကယ်တွင်လည်း သွေးများ ပေကျန်နေလျှက်ဖြင့် ၀ါးတားဂိတ်သို့ ဖြတ်သွားရာ ဂိတ်တွင် တာဝန်ရှိသူများက စောင့်ကြည့်နေခဲ့ပြီးနောက် ၎င်းသည် အင်္ကျီလဲကာ ပြန်လည်၍ ဂိတ်သို့ ဖြတ်လာပြီး လူစုလူဝေးရှိရာနေရာသို့ အရောက်မှာ "အဲ့ဒီလူပဲ လူသတ်တာ"ဟု အော်လိုက်ရာမှ ရဲတပ်ဖွဲ့အပါအ၀င် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်တက္ကစီအဖွဲ့သားများနှင့် တာဝန်သိပြည်သူများမှ ပူးပေါင်းကာ ကား နှင့် ဆိုင်ကယ်တို့ဖြင့် လိုက်၍ ဖမ်းဆီးရာမှ ယခုလို နာရီပိုင်းအတွင်း ဖမ်းဆီးရမိတာဖြစ်ကြောင်း ဆိုင်ကယ်တက္ကစီမောင်းသူများ၏ ပြောပြချက်အရ ထပ်မံ သိရသည်။

အသတ်ခံရသူ ကိုဘိုဝင်းသည် ရှမ်းဝိုင်းဆိုင်ကယ်တက္ကစီဂိတ်တွင်(၈.၆.၂၀၁၅)ရက်နေ့က စတင်၍ ဆိုင်ကယ်တက္ကစီမောင်းနေတာဖြစ်ပြီး ယနေ့ ဇွန်လ(၂၈)ဆိုလျှင် ဆိုင်ကယ်တက္ကစီမောင်းသည့်ရက်မှာ (၂၀)ရက်တိတိရှိပြီဖြစ်ကြောင်း၊ ၎င်းသည် နေ့ဘက်တွင် ပန်းရံအလုပ်ကိုလုပ်၍ ပန်းရံအလုပ်မှ အပြန် ညပိုင်းတွင် ဆိုင်ကယ်တက္ကစီမောင်းကြောင်း၊ နံနက်ပိုင်းတွင် နံနက်(၄)နာရီမှ နံနက်(၈)နာရီအထိ ဆိုင်ကယ်တက္ကစီလာမောင်းပြီး ပန်းရံအလုပ်ကို လုပ်နေသူဖြစ်ကြောင်း နှင့် အသောက်အစားမရှိ၊ ရိုးသားသူတစ်ဦးဖြစ်ကြောင်း ရှမ်းဝိုင်းဆိုင်ကယ်တက္ကစီဂိတ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ ဆိုင်ကယ်တက္ကစီသမားတွေအနေနဲ့ ၀မ်းရေးအတွက် လုပ်စားနေရတာ ကျောမလုံဘူး၊ ဘယ်အချိန် ကိုယ့်အလှည့်ရောက်မလဲဆိုတာကိုပဲ လန့်နေရတယ်၊ ဒီမှာက မူးယစ်ဆေးဝါးသမားတွေ၊ လောင်းကစားသမားတွေအတွက် ကျွန်တော်တို့က သားကောင်လို ဖြစ်နေတယ်၊ သူတို့ ငွေလိုရင် ကျွန်တော်တို့ကို ငှားသွားပြီး ရိုက်နှက်၊ သတ်ဖြတ်၊ ဆိုင်ကယ်လုယူ အဲ့လိုမျိုးတွေဆိုတော့ တကယ်ကို ကျောမလုံဖြစ်နေတယ်.."ဟု (၃)နှစ်ကျော်အကြာ ဆိုင်ကယ်တက္ကစီပြေးဆွဲနေသူ တစ်ဦးမှ ပြောလာသည်။

ကျန်ရစ်သည့် ရုပ်အလောင်းအား ကောင်းစွာ သင်္ဂြိုဟ်နိုင်ရန်နှင့် အသတ်ခံရမှုနှင့် ပတ်သက်၍ ရွှေတာချီခရီးသွားလုပ်ငန်းမှ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ဒု-ဥက္ကဌ ဦးဘိုစံ နှင့် အဖွဲ့ဝင် ဦးကျော်မြင့်အပါအ၀င် ဆိုင်ကယ်တက္ကစီအဖွဲ့ဝင်များမှ လိုက်ပါဆောင်ရွက်ကြပြီး ရုပ်အလောင်အား မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်တွင် ထားရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ အသက်(၂၃)နှစ်ရှိ စိုင်းအိုက်ခမ်းမတ်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၃၅/၂၀၁၅၊ ပြစ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး အမှုစစ်အဖြစ် တာချီလိတ်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးလွင်မှ တာဝန်ယူ စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်တွင် ၂၀၁၅ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအတွင်း အသတ်ခံရပြီး ဆိုင်ကယ်လုယူမှုကို ခံလိုက်ရသည့် ဆိုင်ကယ်တက္ကစီပြေးဆွဲသူမှာ (၂)ဦးရှိပြီဖြစ်ရာ ဧပြီလ(၂၁)ရက်နေ့က တာချီလိတ်မှ မိုင်းဖြတ်သို့ ပို့ဆောင်ပေးရာမှ အသတ်ခံရမှု နှင့် ယနေ့ ဇွန်လ(၂၈)ရက်နေ့တွင် တာချီလိတ်မှ မိုင်းဖုန်းသို့ ပို့ဆောင်ပေးရာမှ အသတ်ခံရမှု စုစုပေါင်း (၂)မှုရှိရာ ဧပြီလ(၂၁)ရက်နေ့က အသတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူဟု ယူဆရသူအား စစ်ဆေးနေသော်လည်း ထူးခြားမှု မရှိသေးကြောင်း သိရပြီး ယခုလူသတ်မှုသည် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့သည် မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်ပြီး မူးယစ်ဆေးဝါးများနှင့် လောင်းကစားများ ပေါများနေသည့်အတွက် ဆိုင်ကယ်တက္ကစီမောင်းသူများအနေဖြင့် ရိုက်နှက်၊ သတ်ဖြတ်ကာ ၎င်းတို့၏ ဆိုင်ကယ်များကို အချိန်မရွေးလုယူသွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။

သတင်း။  ။ ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~