မိမိအမည်ပါမပါ သိနိုင်ဖို့ အခြေခံမဲဆန္ဒရှင် စာရင်းများတွင် သွားရောက် ကြည့်ရှုနိုင်ပြီ

မိမိအမည်ပါမပါ သိနိုင်ဖို့ အခြေခံမဲဆန္ဒရှင် စာရင်းများတွင် သွားရောက် ကြည့်ရှုနိုင်ပြီ
ဇွန် 22, 2015
By Tachileik News Agency

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး (၉)ခုရှိ ခရိုင်/မြို့နယ်များ၏ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရုံးများအလိုက် စတုတ္ထအကြိမ် အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ယနေ့ ဇွန်လ(၂၂)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့အထိ ကပ်ထားကြေညာထားရန် သတ်မှတ်ထားသည်နှင့်အညီ ယနေ့ ဇွန်လ(၂၂)ရက်နေ့မှ စ၍ တာချီလိတ်ခရိုင်အတွင်း အဆိုပါ စာရင်းများကို ကပ်ထားကြေညာထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ပုန်းထွန်ရပ်ကွက်၏ အခြေခံမဲဆန္ဒရှင် စာရင်းများကို ပုန်းထွန်ရပ်ကွက်ရုံးတွင် လည်းကောင်း၊ တာလော့ရပ်ကွက်၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို တာလော့ရပ်ကွက်ရုံးတွင် လည်းကောင်း၊ ၀မ်ကောင်းရပ်ကွက်၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို ၀မ်ကောင်းရပ်ကွက် သာရေး/နာရေး ဓမ္မာရုံတွင် လည်းကောင်း၊ မကာဟိုခမ်းရပ်ကွက်၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို မကာဟိုခမ်းရပ်ကွက်ရုံးတွင် လည်းကောင်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၏  အခြေခံမဲဆန္ဒရှင် စာရင်းများကို ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးတွင် လည်းကောင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ဆန်ဆိုင်း(က)ရပ်ကွက်၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို ဆန်ဆိုင်း(က)ရပ်ကွက်ရုံးတွင် လည်းကောင်း၊ မယ်ခေါင်ရပ်ကွက်၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို မယ်ခေါင်ရပ်ကွက်ရုံးတွင် လည်းကောင်း၊ ရန်အောင်မြေရပ်ကွက်၏  အခြေခံမဲဆန္ဒရှင် စာရင်းများကို ရန်အောင်မြေရပ်ကွက်ရုံးတွင် လည်းကောင်း၊ ၀ိန်းကျောက်ရပ်ကွက်၏  အခြေခံမဲဆန္ဒရှင် စာရင်းများကို ၀ိန်းကျောက်ရပ်ကွက်ရုံးတွင် လည်းကောင်း။ ပါဆတ်ရပ်ကွက်ရုံး၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို ပါဆတ်ဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ ဆေခမ်းရပ်ကွက်၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို ဆေခမ်းရပ်ကွက်ရုံးတွင် လည်းကောင်း အသီးသီး ကြည့်ရှုနိုင်မှာ ဖြစ်သည်။

မိုင်းဖုန်း(က)(ခ)ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင်လည်း သက်ဆိုင်ရာ ရုံးများတွင် ကြည့်ရှုနိုင်မှာ ဖြစ်ပြီး လွယ်တော်ခမ်းကျေးရွာအုပ်စု၏  အခြေခံမဲဆန္ဒရှင်စာရင်းများကို လွယ်တော်ခမ်းကျေးရွာအုပ်စုရုံးတွင် ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ လွယ်တော်ခမ်းကျေးရွာအုပ်စုမှာ အသစ်ထပ်တိုးလာတဲ့ ရွာသစ်(၃)ရွာ အပါအ၀င်ဆိုရင် ကျေးရွာပေါင်း (၃၀)ကျော်ရှိပါတယ်၊ အခု အခြေခံမဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာ ကျေးရွာတွေက ရွာသူကြီးတွေကိုလည်း ဖြန့်ဝေပေးထားပါတယ်၊ တစ်ရွာနဲ့တစ်ရွာ အလှမ်းဝေးတာတွေရှိတော့ လွယ်ကူစေရန်အတွက် မိတ္တူကူးပြီး ဖြန့်ပေးထားပါတယ်.."ဟု လွယ်တော်ခမ်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

"ဒီအခြေခံ မဲဆန္ဒရှင် စာရင်းမှာက မှားယွင်းတာတွေ တော်တော်ပါနေပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရပ်ကွက်ရုံးမှာ လာရောက်ပေးထားတဲ့ အိမ်ထောင်စုစာရင်းမိတ္တူက အရင်ကဟာတွေ ဖြစ်နေတယ်၊ အိမ်ထောင်စုစာရင်း အသစ်လဲတာတွေ၊ လူသစ်သွင်းတာတွေ၊ သေဆုံးသူစာရင်း ပယ်ထားပြီး အိမ်ထောင်စုစာရင်း အသစ်လဲထားသူများကလည်း မိတ္တူကို အဟောင်းနဲ့ လာပြန်မလဲတော့ အမှားပါနေတာတွေ ဖြစ်ပါတယ်၊ အခု မနက်လေးတင် လာကြည့်ကြတဲ့ သူတွေက သူ့တို့အမည်မပါတာ၊ သေသွားတဲ့သူရဲ့ အမည်တွေ ပါနေတာ တွေ့လို့ဆိုပြီး ကျွန်တော်တို့ကို ပြောလို့ ချက်ခြင်းပဲ စာရင်းကောက်ယူထားလိုက်ပါတယ်.."ဟု မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

"လူတိုင်း ဒီအခြေခံမဲဆန္ဒရှင် စာရင်းကို သွားရောက်ကြည့်ရှုသင့်ပါတယ်၊ ဒါမှ မိမိ မိသားစုတွေရဲ့အမည် ပါ မပါကို သိနိုင်မှာဖြစ်ပါတယ်၊ မပါရင် အသိပေးပြီး စာရင်းသွင်းမှသာ မဲပေးခွင့်ရှိမှာပါ"ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဝင် တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိသည်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(တာချီလိတ်)မှ ပါတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ သတင်းမီဒီယာနှင့် ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတင်းစာဆရာအသင်း တို့မှ လိုက်လံကြည့်ရှုခဲ့ကြသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~