အမျိုးသမီး (၃၅)ဦး တက်ရောက်သည့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း တာချီလိတ်၌ ဖွင့်လှစ်

အမျိုးသမီး (၃၅)ဦး တက်ရောက်သည့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း တာချီလိတ်၌ ဖွင့်လှစ်
မေ 4, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် တန်းကျောင်း၏ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၇၀)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၄၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မေလ (၄)ရက်၊ နံနက် (၈)နာရီခွဲက အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက "နယ်စပ်ဒေသရှိ တိုင်းရင်းသူ အမျိုးသမီးငယ်များ၏ ဘ၀ရပ်တည်မှု မှန်ကန်စေရန်နှင့် အသက်မွေး ၀မ်းကျောင်းပညာတတ်မြောက်စေရေး အတွက် နိုင်ငံတော် မှ စစ်မှန်သည့် စေတနာဖြင့် ရည်ရွယ်ချက်များ ချမှတ်ပြီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေး ၀မ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းထူထောင်နိုင်သည် အထိ ကူညီဆောင်ရွက်ပေးရန်" စသည်ဖြင့် အခမ်းအနားတွင် အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။

"ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းပြီး၊ အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်၊ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ် အစဉ် ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်၊ ရိုးရာယဉ်ကျေးမှု အိမ်တွင်းမှု အတတ်ပညာများ ပိုမိုထွန်းကား ပြန့်ပွားလာစေရန် ဆိုသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း နှင့် သင်တန်းသူများ အနေဖြင့် အမှန်တကယ်လုပ်ကိုင် စားသောက်နိုင်အောင် ကြိုးစားလေ့လာသင်ယူ မှတ်သားကြရန် လိုကြောင်း"ဆက်လက် ၎င်းမှ ပြောကြားသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် သင်တန်းသူများ တက်ရောက်သည်။

အဆိုပါ သင်တန်းအား မေလ(၄)ရက်မှ သြဂုတ် လ(၃)ရက်နေ့ အထိဖွင့်လှစ်မည် ဖြစ်ပြီး၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အခြေခံအိမ်တွင်းမှု သင်တန်းတွင် သင်တန်းသူ(၂၆)ဦး၊ အဆင့်မြင့် စက်ချုပ် သင်တန်းတွင် သင်တန်းသူ(၉)ဦး ၊ စုစုပေါင်း(၃၅)ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း
ဓာတ်ပုံ။  ။ ယာဆေး

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~