ပျောက်ဆုံးပြီး အသတ်ခံလိုက်ရသည့် ကလေးငယ်၏ ရုပ်အလောင်းအား ထိုင်းဘက်မှ တဆင့် တာချီလိတ်သို့ ပြန်လည်သယ်ဆောင်လာ

ပျောက်ဆုံးပြီး အသတ်ခံလိုက်ရသည့် ကလေးငယ်၏ ရုပ်အလောင်းအား ထိုင်းဘက်မှ တဆင့် တာချီလိတ်သို့ ပြန်လည်သယ်ဆောင်လာ
မတ် 31, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက်(၆)နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄)ရက်မြောက်ဖြစ်သည့်  မတ်လ(၃၀)ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိခဲ့ပြီး အလောင်းအား ထိုင်းနိုင်ငံဘက်တွင် စစ်ဆေးရာမှ ယနေ့ မတ်လ(၃၁)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မြို့သို့ ပြန်လည်၍ သယ်ဆောင်လာပြီး တာချီလိတ်၌ လူပျောက်မှုမှ တဆင့် လူသတ်မှုအဖြစ် အမှုဖွင့်လှစ်နိုင်ရန် အတွက် ဆေးစစ်ချက်ရယူရန် တာချီလိတ် ဆေးရုံတွင် ဆက်လက် စစ်ဆေးနေလျက်ရှိသည်။

သေဆုံးသွားသည့် ကလေး၏ အလောင်းအား ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှာတဆင့် ချင်းရိုင်းမြို့တွင် စစ်ဆေးခြင်းနှင့် ပတ်သက်၍ သေဆုံးသူ၏ အလောင်းအား ထိုင်းပိုင်နက်ဖြစ်သည့် ထိုင်းဘက်ကမ်းစပ်တွင် တွေ့ရှိရတာဖြစ်သည့်အတွက် ထိုင်းဘက်မှ စစ်ဆေးလိုကြောင်း ပြောကြားပြီးနောက် ယနေ့ မတ်လ (၃၁)ရက် ညနေ(၅း၃၀)နာရီ အချိန်တွင် ရုပ်လောင်းအား ထိုင်းဘက်မှ တဆင့် တာချီလိတ်သို့ သယ်ဆောင်လာခြင်းဖြစ်သည်။

သေဆုံးသွားသည့် အလောင်းအား တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ၀ါးဆိပ်မှ တဆင့် သယ်ဆောင်ရာတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့်အတူ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ သွားရောက် သယ်ဆောင်လာပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်အတွက် တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံ၌ ထားရှိသည်။

ယခုလို ကလေးပျောက်ဆုံးမှုမှ သေဆုံးမှု ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံများမှ သေဆုံးသူ ကလေးငယ်သည် အသဲထုတ်ခံရခြင်း၊ မျက်ကြည်လွှာထုတ်ခံရခြင်း၊ ကျောက်ကပ်ထုတ်ခံရခြင်း နှင့် အတွင်း ကလီစာများ ထုတ်ခံရခြင်း စသည်ဖြင့် ကောလဟလများ ထွက်ပေါ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဧပြီလ(၁)ရက်နေ့တွင် ထပ်မံဆေးစစ်ပြီးမှသာ အဖြေမှန်ကို သိရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~