သေနတ်ပြ၍ ခြိမ်းခြောက် ပြန်ပေးဆွဲသူများအား (၄)ရက်အတွင်း တာချီလိတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

သေနတ်ပြ၍ ခြိမ်းခြောက် ပြန်ပေးဆွဲသူများအား (၄)ရက်အတွင်း တာချီလိတ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
မတ် 25, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ၀မ်ကဲ(၁)ရွာတွင် မတ်လ(၂၂)ရက်နေ့က အမျိုးသမီး(၁)ဦးအား လူတစ်စုမှ သေနတ်ပြ၍ ခြိမ်းခြောက်ကာ ကားဖြင့် ဖမ်းဆီးခေါ်ဆောင် ပြန်ပေးဆွဲသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ မတ်လ(၂၅)ရက်နေ့တွင် အမှု၌ ပါဝင် ပတ်သက်သူ(၈)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တာချီလိတ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်နန်းလုံ၏ တိုင်ကြားချက်အရ မတ်လ(၂၂)ရက် ည(၁၀)နာရီ အချိန်ခန့်က ၎င်းသည် နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် နေအိမ်ရှေ့၌ ဖော်ကျုးနား အဖြုရောင် ကားတစ်စီးရပ်ပြီး ကားပေါ်မှ အိုက်ကျိုင်း၊ အားဆစ် နှင့် အမည်မသိ အမျိုးသား (၁)ဦးတို့ ဆင်းလာပြီး အားဆစ်မှ ရှမ်းဘာသာစကားဖြင့် အိုက်မွန်း ရှိလားဟု မေးရာ၊ အိုက်မွန်းမရှိကြောင်း ပြန်လည်ဖြေသည့်အခါမှာ အိုက်မွန်း၏ ဇနီးဖြစ်သူ မနန်းအဲအား ခေါ်ပေးရန် ပြောသဖြင့် ၎င်းမှ ခေါ်ပေးသည့် အခါ အိုက်ကျိုင်းပါဝင်သည့် အမျိုးသား(၃)ဦးသည် မနန်းအဲအား ကားပေါ်သို့ ဆွဲတင်သွားသဖြင့် ၎င်းမှ မလုပ်ရန် နှင့် ကယ်ပါဦးဟု ပတ်ဝန်းကျင်အား အကူအညီတောင်းခံသည့် အခါမှာ အားဆစ်မှ သေနတ်အတို (၁)လက်ဖြင့် ချိန်ရွယ်သောကြောင့် ၎င်းမှ ဆက်မအော်တော့ဘဲ ရှိနေစဉ်မှာ မနန်းအဲအား အမျိုးသား(၃)ဦးမှ ကားဖြင့် တင်ဆောင်သွားတာဖြစ်ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရ မိရေးအတွက် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူး တို့၏ ညွှန်ကြားကြီးကြပ်ကွပ်ကဲမှုဖြင့် တာချီလိတ်မြို့မ ရဲစခန်းမှူး၊ ဒုတိယရဲမှူး ကျော်သန်း နှင့် ရဲတပ်ဖွဲ့ဝင်များသည် မိုင်းကိုးပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဦးကျအူ အဖွဲ့တို့နှင့် ပူးပေါင်း၍ မိုင်းကိုးကျေးရွာ အုပ်စုရှိ ဟိုရမ်း(မိုင်)ရွာ ဦးဆူးဝမ်း၏ ရာဘာခြံအတွင်း စီးနင်းဝင်ရောက် ရှာဖွေရာမှ သေနတ်အတို (၄)လက်၊ ပွိုင့်(၂၂)သေနတ် အရှည် (၁)လက်နှင့်အတူ ခဲယမ်းများအား တရားခံ(၈)ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း  တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖမ်းဆီးရမိသော တရားခံ(၈)ဦးအနက် အားဆစ်၏ ထွက်ဆိုချက်အရ ၎င်းတို့ခေါ်ဆောင်သွားသော မနန်းအဲ အား ၎င်းအပိုင်ဖြစ်သည့် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ နေအိမ်တွင် ၀ှက်ထားကြောင်း ၀န်ခံထွက်ဆိုလာသည့် အတွက် ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်ရှာဖွေရာ မနန်းအဲအား အဆိုပါနေအိမ်တွင် တွေ့ရှိရသည့် အတွက် ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ပြီး တရားခံများအား ဆက်လက် စစ်ဆေးနေလျက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဆက်လက်၍ သက်ဆိုင်ရာမှ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသော တရားခံ အားဆစ် အပါအ၀င် (၈)ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၅၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၅၈/၃၆၅ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~