သင်္ကြန်ကာလအတွင်း အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲ၍ ယာဉ်မတော်တဆမှုများ မဖြစ်စေရေးအတွက် မူးယစ်နှင့်ယာဉ်ထိန်း တို့မှ အသိပညာပေး

သင်္ကြန်ကာလအတွင်း အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲ၍ ယာဉ်မတော်တဆမှုများ မဖြစ်စေရေးအတွက် မူးယစ်နှင့်ယာဉ်ထိန်း တို့မှ အသိပညာပေး
မတ် 27, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဧပြီလတွင် ကျရောက်မည့် မြန်မာရိုးရာ သင်္ကြန်ကာလအတွင်း ပြည်သူများ အနေဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲ၍ မော်တော်ယာဉ် မဆင်မခြင် မောင်းနှင်သည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေး အတွက် တာချီလိတ် မူးယစ်တပ်ဖွဲ့ နှင့် တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောမှုများ အဖြစ် ယနေ့ မတ်လ(၂၇)ရက်တွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု နှင့် လွယ်တော်ခမ်းကျေးရွာ အုပ်စုတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ရာ ကျေးရွာနေ ဒေသခံ(၆၅)ဦး တက်ရောက်ကြရာတွင် သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ ယာဉ် မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများ မဖြစ်ပေါ်စေရေး အတွက် မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် ဖြစ်ပေါ် တတ်သော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်ပါက အရေးယူခံရမည့် ပြစ်မှု ပြစ်ဒဏ်များနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ စသည့် အကြောင်းအရာများကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် ၀င်းကျော်ကျော် က ရှင်းလင်း ဟောပြောသည်။

ဆက်လက်၍ အမှတ်(၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂)တာချီလိတ်မှ ရဲအုပ်ကျော်ဇေယျက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲပြီး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရန်၊ မဟာသင်္ကြန် မစတင်မီနှင့် သင်္ကြန်ကာလအတွင်း ယာဉ်အား အိတ်ဇောဖြုတ်မောင်းနှင်ခြင်း၊ ပါဝါအိပ်ဇော တပ်၍ မောင်းနှင်ခြင်းများ မပြုရန်၊ သင်္ကြန်ကာလအတွင်း ရေပတ်ကစားသော လုပ်သားပြည်သူများ၊ စိတ်ငြိုငြင်အောင် မောင်းနှင်သည့် စည်းကမ်းပျက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား သက်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များနှင့် ပူးပေါင်းဖမ်းဆီး၍ ယာဉ်နှင့်ဆိုင်ကယ်များအား သင်္ကြန်ကာလ အတွင်း ခေတ္တသိမ်းဆည်းပြီး သင်္ကြန်အပြီးတွင် တရားစွဲတင်၍ ဒဏ်ငွေများ ဆောင်စေပြီးမှ ပြန်လည် ထုတ်ပေးမှာ ဖြစ်ကြောင်း နှင့် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် သေဆုံးရသည့် အနိဌာရုံ မြင်ကွင်းများကို ပရိုဂျတ်တာဖြင့် ပြသ၍ ရှင်းလင်းဟောပြောသည်။

ယင်းနောက် ညနေ(၃)နာရီ အချိန်တွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အမှတ်(၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂) တာချီလိတ်မှ ရဲအုပ်ကျော်ဇေယျ နှင့် ဒုရဲအုပ် ဇော်မျိုးသန်း အပါအ၀င် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ရဲအုပ် ကျော်စွာထွန်းနှင့်အတူ ပူးပေါင်း၍  သင်္ကြန်ကာလ အတွင်း မူးယစ်ဆေးဝါး သုံးစွဲ၍ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ အဆိုပါကျေးရွာရှိ ပြည်သူ (၆၈)ဦးမှ တက်ရောက်ခဲ့၍ လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် သင်္ကြန်ကာလအတွင်းက ယာဉ်မတော် တဆတိုက်မှုများကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည့်အတွက် ယခုနှစ် သင်္ကြန်ကာလအတွင်း အရက်သေစာ နှင့် မူးယစ်ဆေးဝါးသုံးစွဲ၍ ယာဉ်မောင်းနှင်မှုများနှင့် ယာဉ်မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အတွက် ယခုလို အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရတာ ဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~