၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် ကျွဲ/နွား/ဆိတ် စုစုပေါင်း (၂၆၉၇၆)ကောင်ကို တာချီလိတ်ရှိ သားသတ်လုပ်ငန်းရှင် (၄၆)ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့် ချပေး

၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် ကျွဲ/နွား/ဆိတ် စုစုပေါင်း (၂၆၉၇၆)ကောင်ကို တာချီလိတ်ရှိ သားသတ်လုပ်ငန်းရှင် (၄၆)ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့် ချပေး
မတ် 26, 2015
By Tachileik News Agency

၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကျွဲ/နွား/ဆိတ် စုစုပေါင်း (၂၆၉၇၆)ကောင်ကို သားသတ်ခြင်းနှင့် အသားထုတ်လုပ် ဖြန့်ဖြူးရောင်းချခွင့်အဖြစ် လုပ်ငန်းရှင်(၄၆)ဦးမှ မတ်လ(၂၆)ရက် နံနက်ပိုင်းက လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသွားခဲ့သည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် တရားဝင် သားသတ်ခွင့်ပေးထားသော တိရိစ္ဆာန် အရေအတွက်မှာ ၀က်(၂၅၂၃၆)ကောင်၊ နွား(၂၅၆၀)ကောင်နှင့် ဆိတ်(၁၈၀)ကောင် ဖြစ်ပြီး ထပ်တိုးလိုသူများ အနေဖြင့် ထပ်မံစာရင်းပေးသွင်းရမှာဖြစ်ကြောင်း သိရသည်။

“လုပ်ကိုင်ခွင့်ရရှိသူတွေ အနေနဲ့ စည်းကမ်းချက် ညီညွတ်စွာ ရောင်းချခြင်း မရှိရင် စည်ပင်သာယာရေး ကော်မတီအပိုင် အနေနဲ့ လိုင်စင်ကို ပြန်လည်သိမ်းဆည်းသွားမှာဖြစ်ပါတယ်...”ဟု မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ပြောသည်။

သားသတ်ခေါင်း အခွန်အခ ကောက်ခံမှုများနှင့် ပတ်သက်၍ အသား အမျိုးအစား ပေါ်မူတည်ပြီး ကျွဲ/နွား တစ်ကောင်လျှင် (၁၀၀၀၀)ကျပ်၊ ၀က် တစ်ကောင်လျှင် (၇၀၀၀)ကျပ် နှင့် သိုး/ဆိတ် တစ်ကောင်လျှင် (၅၀၀၀)ကျပ်ဖြင့် ကောက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

ကော်မတီမှ ခွင့်ပြုချက်မရှိသည့် နေရာတွင် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း မပြုကြောင်းနှင့် ဘာသာရေးနှင့် အခြားတိရိစ္ဆာန်များအတွက် သတ်မှတ်ထားသော နေရာများတွင်သာ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ယူ၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်းအပြင် စည်းကမ်းချက်များနှင့်အညီ သားသတ်ရုံများ တည်ထောင်၍ သတ်ဖြတ်သည့် တိရိစ္ဆာန်အရေအတွက် အလိုက် သားသတ်ခများအား ကောက်ခံသွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ သားသတ်လုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားသည်။

ကျွဲ/နွားများ သယ်ဆောင်မှုနှင့် ပတ်သက်၍ "ကျွန်တော်တို့က တရားဝင် ပါမစ်နဲ့ ကျွဲ/နွားတွေကို သယ်ဆောင်နေတာ၊ အဲ့လို ပါမစ်စာရွက်လည်း ပြနိုင်ရက်နဲ့  စစ်ဆေးရေးဂိတ်ဖြစ်တဲ့ မယ်ယန်းဂိတ်တို့၊ လွယ်တော်ခမ်းဂိတ်တို့ စတဲ့ စစ်ဆေးရေးဂိတ်တွေက တစ်ချို့အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့အပေါ် တရားဝင်ကောက်ခံခြင်း မဟုတ်ဘဲ ပေးကမ်းနေရတာတွေ ရှိနေတော့ ရေရှည်မှာ အဆင်မပြေဘဲ အခက်အခဲတွေတော့ ရှိနေပါတယ်၊ အဲ့လို ကောက်ခံတော့ ကျွန်တော်တို့ရဲ့ ပါမစ်စာရွက်က တရားမ၀င်လို့လားဆိုတာ မေးစရာဖြစ်နေပြီ"ဟု ကျွဲ/နွား သားသတ်လုပ်ငန်း လိုင်စင်ရရှိထားသည့် သားသတ်လုပ်ငန်းရှင်များက ယနေ့ မတ်လ(၂၆)ရက်တွင် ပြုလုပ်သည့် သားသတ်လုပ်ငန်းလိုင်စင် ချပေးသည့် အခမ်းအနားတွင် တင်ပြဆွေးနွေးသွားခဲ့သည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~