ထိုင်းနိုင်ငံတွင် ရဲအယောင်ဆောင်ကာ ဆီးစစ် ငွေညှစ်နေသူအား ဖမ်းဆီးရမိ

ထိုင်းနိုင်ငံတွင် ရဲအယောင်ဆောင်ကာ ဆီးစစ် ငွေညှစ်နေသူအား ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 21, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဥပဒေ ကျောင်းသားတစ်ဦး ထိုင်းရဲတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ “ဆီး”စစ်ဆေး၍ ငွေညှစ်တောင်းခံနေသောကြောင့် ထိုင်းရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့(စ)တွင် ရေးသားဖော်ပြထားသည်။

( Photo: bangkokpost )

ထိုင်းရဲတပ်ဖွဲ့ဝင်များက ၎င်းနေထိုင်ရာ တိုက်ခန်းအတွင်း ၀င်ရောက်ရှာဖွေရာ ရဲတပ်ဖွဲ့ဝတ်စုံ၊ လမ်းလျှောက် စကားပြောစက်နှင့် မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ စစ်ဆေးသော “ဆီး”စစ်ဆေးသည့် ပစ္စည်းများကို တွေ့ရှိရသည်။

“ကျွန်တော့်ကို ကားရပ်ခိုင်းပြီး “ဆီး”စစ်ဆေးတယ်၊ ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး ထိုင်းဘတ်ငွေ (၄၀၀၀၀)တောင်းတယ်၊ မပေးရင် တရားရုံးပို့မယ်လို့ပြောလို့ ပေးလိုက်ရတယ်”ဟု ငွေညှစ်ခံရသော ထိုင်းနိုင်ငံသား တစ်ဦးမှပြောသည်။

၎င်းကျောင်းသားသည် ဥပဒေ စတုတ္ထနှစ်ကျောင်းသားဖြစ်ပြီး ရဲယူနီဖေါင်းဝတ်ပြီး ငွေလိုက်လံ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုကျောင်းသား မစ္စတာ ချိုင်တစ် ကတော့ “ကျွန်တော်တကယ်ကို ရဲဝန်ထမ်းဖြစ်ချင်တာပါ၊ ရဲတပ်ဖွဲ့ စာမေးပွဲဝင်ဖြေတာ (၂)ခါကျတယ်လေ၊ ကျွန်တော် ဒီယူနီဖေါင်း ၀တ်ထားတာ အားလုံးက ကျွန်တော်ကို ရဲတပ်ဖွဲ့ဝင်လို့ ယုံကြည်ကြတယ်”ဟု ၎င်းမှပြောသည်။

ချင်းမိုင်မြို့တွင် ယခုလို ထိုင်းရဲအဖြစ် ဟန်ဆောင်ပြီး ငွေညစ်တောင်းခံမှုများ ယခင်ကလည်း ရှိခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ရှိနေနိုင်ဦးမည်ဖြစ်သည့် အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အနေဖြင့် သွားလာ သတိရှိဖို့လိုပြီး ယခုလို ထိုင်းရဲများမှ စစ်ဆေးသည့် အခါမှာ ရဲအစစ်ဟုတ် မဟုတ်ဆိုတာကို လိမ္မာပါးနပ်စွာနဲ့ မေးမြန်းတတ်ဖို့လိုပြီး သတိရှိရန် အထူးလိုကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘာသာပြန် ။  ။ ဇက် (Z)
Ref; bangkokpost

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~ ကြော်ငြာ ~~~~~~~~~