ကျပ်သိန်းပေါင်း (၆)ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်ခရိုင် အတွင်း သိမ်းဆည်းရမိ

ကျပ်သိန်းပေါင်း (၆)ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်ခရိုင် အတွင်း သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 18, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျပ်သိန်းပေါင်း ခြောက်ထောင့်တစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီ (၁၆)ရက်နေ့က  သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး သတင်းအရ ဖေဖော်ဝါရီ (၁၆)ရက်နေ့ ည(၇း၃၀)နာရီအချိန်ခန့်တွင် အမှတ်(၅၇၂) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော်၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် မိုင်းကိုးပြည်သူစစ်အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တာလေမြို့နယ်၊ မိုင်းလင်း (အနောက်)အုပ်စု၊ မဲခေါင်မြစ်ကြောင်းဘေး ပါလကျေးရွာအနီးတွင် အသေးစိတ် နယ်မြေရှင်းလင်းခဲ့ရာ တောင်ကုန်းဘေး တောချုံအတွင်းမှ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓါတုဆေးဝါး (ကဖင်း) များတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့၏ လူမှုကွန်ယက်တွင် ဖော်ပြထားရှိသည်။

“မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာမှာ မိတာပါ၊ ဖမ်းမိတဲ့ပစ္စည်းတွေကတော့ ပိုင်ရှင်မဲ့ပစ္စည်းတွေ၊
တရားခံတွေတော့ ဆက်လက် စုံစမ်းနေတုန်း၊ တာချီလိတ်ရဲစခန်းမှာ အမှုဖွင့်အရေးယူဖို့
တိုင်တန်းထားပါတယ်”ဟု တာချီလိတ်မူးယစ်တပ်ဖွဲ့စု (၃၀)မှ တာဝန်ရှိသူ တစ်ဦးမှပြောသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများဖြစ်ပြီး တစ်အိတ်လျှင် (၅၀)ကီလိုဂရမ်ခန့်စီပါ ဆာလာအိတ်(၁၆၃)အိတ်၊ စုစုပေါင်းအလေးချိန် (၈၁၅၀)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး (၆၁၁၂.၅)သိန်းခန့် ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ရှာဖွေသိမ်းဆည်းရမိသော ကဖင်းများအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၅/၂၀၁၅၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးပုဒ်မ ၁၆(ခ)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~