ယုတ္တိမတန်သော အမှန်တရား

ယုတ္တိမတန်သော အမှန်တရား
ဖေဖော်ဝါရီ 27, 2015
By Tachileik News Agency
ယုတ္တိမတန်သော အမှန်တရား
( ဆောင်းပါးရှင်။  ။ သုတ(ရွှေမဟာ)  )

ကျွန်တော်ငယ်ငယ်က ကျွန်တော့်အဖေ မကြာခဏ ပြောခဲ့ဘူးတယ်။
"သား... ဘယ်တော့မဆို စကားပြောရင် အများလက်ခံနိုင်မဲ့ စကားကိုပြောရမယ်။ အမှန်တရား ဖြစ်နေပေမဲ့ အများက လက်မခံနိုင်တဲ့ စကားဆိုရင် မပြောအပ်ဘူး။ ကိုယ့်အပေါ် အယုံအကြည်မဲ့ တတ်တယ်။ ဒါကို သားနားလည်အောင် ပြောပြမယ်။ ဟိုးတုန်းက တောအုပ်နဲ့ နီးတဲ့နေရာမှာ မုဆိုးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သားအဖနှစ်ယောက် ရှိခဲ့တယ်။ အဖေဖြစ်သူဟာ မုဆိုးလုပ်ပေမဲ့ တည်ကြည်တယ်။ သမာဓိရှိတယ်၊ ရွာမှာလည်း ရွာသူကြီး လုပ်တယ်။

တစ်နေ့ သူတို့ သားအဖ တောက ပြန်လာတော့ ရွာထိပ်က ရေကန်ကြီးနားလည်း ရောက်ရော မိုးကြီး လေကြီးကျလာလို့ ကန်နားမှာ ပေါက်နေတဲ့ ညောင်ပင်ကြီးအောက် အမြန်ပြေးဝင်ပြီး မိုးခိုရတာပေါ့။ သူတို့ မိုးခိုနေတုန်း မရှေးမနှောင်းမှာဘဲ ရေကန်ထဲက နဂါးကြီးတစ်ကောင်ဟာ ရေပေါ်ကို ပါးပျဉ်းထောင်ကြည့်ပြီး ရေထဲကို ငုပ်လျိုးသွားတယ်။ ဒီအခါ သားဖြစ်သူက "အဖေ အဲဒါဘာကောင်ကြီးလဲ"လို့ မေးတဲ့အခါ သူ့အဖေက ပြောတယ် "သား... အဲဒါ နဂါးလို့ ခေါ်တယ်။ အဖေတို့ သားအဖ ကံထူးလို့ တွေ့ရတာနော်၊ ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူ့ ကိုမှမပြောနဲ့နော်။ အကျိုးမရှိပါဘူး။ အကျိုးပျက်လိမ့်မယ်" လို့ ဟန့်တားခဲ့တာပေါ့။

ဒီလိုနဲ့ နေလာလိုက်ကြတာ တစ်နေ့ သားဖြစ်သူဟာ ရွာထိပ်ကရေကန်ကြီးနား သူငယ်ချင်းတွေနဲ့ ကစားနေရင်း မိုးကြီး လေကြီးကျလာလို့  ညောင်ပင်အောက်မှာ မိုးခိုကြပြန်ရော၊ ဒီအခါ မုဆိုးကြီးရဲ့ သားက သူ့ သူငယ်ချင်းတွေကို ပြောပြီလေ၊ "တစ်ခါက ငါတို့ သားအဖ တောကပြန်လာရင်း မိုးလေကျလာလို့ ဒီမှာ မိုးခိုနေတုန်း ကန်ထဲက နဂါးကြီး ထွက်လာတာတွေ့တယ်ကွ"တဲ့။

ဒီအခါ သူ့သူငယ်ချင်းတွေက "ဟေ့ကောင် ငကြွား၊ အဓိပ္ပာယ် မရှိတာတွေ လာမပြောနဲ့... နဂါးဆိုတာ တကယ်မရှိဘူး။ ဇာတ်ထဲမှာဘဲရှိတယ်ကွ"

"ဒါဆို မင်းတို့က မယုံဘူးလား။ ငါ့အဖေကို မေးကြည့်လေ။ ငါ့အဖေက ဟုတ်တယ်ဆိုရင် ပိုက်ဆံ တစ်ဆယ်ပေးမလား။ လောင်းမယ်လေ။"

"အေး... ကောင်းပြီ၊ မင်းအဖေကိုတော့ ငါတို့ ယုံတယ်၊ မင်းအဖေက ဟုတ်ပါတယ်လို့ ပြောရင် မင်းအနိုင်၊မဟုတ်ပါဘူး ဆိုရင် မင်းပိုက်ဆံ တစ်ဆယ်ပေးရမယ်"

ဒီလိုနဲ့ဘဲ သူတို့ အလောင်းအစားလုပ်တဲ့ ကိစ္စဟာ မုဆိုးကြီးဆီ ရောက်သွားတော့တာပေါ့။ မုဆိုးကြီးလည်း အကြောင်း ဇစ်မြစ်ကိုသိတဲ့ အခါ သူ့သားစကားကိုမယုံဘို့ သူ့ သားပြောသလို မဟုတ်ခဲ့ကြောင်း ပြောတော့တာဘဲ။ ဒါကြောင့်သားဖြစ်သူဟာ ပိုက်ဆံတစ်ဆယ် လျော်လိုက်ရတယ်လေ။

ဒါကို မကျေနပ်တဲ့ သားဖြစ်သူက "အဖေ... ကျွန်တော်တို့ နှစ်ယောက်လုံးတွေ့ ခဲ့ရတာကို မတွေ့ခဲ့ဘူးလို့ ဘာကြောင့် ညာပြောလိုက်တာလဲ" တဲ့..

ဒီတော့ မုဆိုးကြီးကပြောတယ်...
"နဂါးကိုမြင်ခဲ့တာဟာ ငါတို့ သားအဖနှစ်ယောက်ဘဲ မဟုတ်လား။ အဖေက အမှန်အတိုင်း ပြောခဲ့ရင် သားဘက်ကလိုက်တဲ့ လူအဖြစ်နဲ့ အဖေ့ကို အယုံအကြည် နည်းသွားမှာပေါ့ကွယ်။ တကယ်တော့ ဘယ်သူမှ မမြင်နိုင်မသိနိုင် လက်မခံနိုင်တဲ့ ကိစ္စမို့ ဘယ်သူ့ကိုမှ မပြောဘို့ အရင်တည်းက သားကို အဖေက တားခဲ့တာပေါ့ "တဲ့။

ဒီလိုနဲ့ နေလာလိုက်ကြတာ တစ်နေ့မှာ မုဆိုးကြီးသားအဖဟာ တောလိုက်ရင်းနဲ့ ချေတစ်ကောင်ကို ရခဲ့တယ်။ မုဆိုးကြီးလည်း ချေရဲ့ ညာဘက်ခြေထောက်ခွာကို ညာဘက်နားရွက်ဘေးမှာ သူ့သားကိုကပ်ပြီး ကိုင်ခိုင်းတယ်။ ပြီးတော့ ဒူးလေးနဲ့ ခွာရယ် နားအုံရယ် တစ်ခါတည်း ထိုးဖောက်ဝင်သွားအောင် ပစ်လိုက်တယ်လေ။

ဒီအတိုင်းဘဲ မြှားတန်းလန်းဖြစ်နေတဲ့ ချေသေကို ထမ်းပြီးရွာကို ပြန်လာကြတယ်။ ရွာရောက်တဲ့အခါ မုဆိုးကြီးက သူ့သားကိုပြောတယ်။ "သား... မင်းသူငယ်ချင်းတွေဆီ သွားပြောပြလိုက်၊ ငါ့အဖေက ချေတစ်ကောင်ကို ဒူးလေးနဲ့ ပစ်လိုက်တာ ညာဖက်ခွာနဲ့ နားအုံကို တစ်ချက်တည်း ဖောက်ဝင်သွားတယ်။ သူတို့ မယုံဘူး ဆိုရင် ပိုက်ဆံနှစ်ဆယ်ကြေး လောင်းခဲ့ကွာ"တဲ့၊

သားဖြစ်သူလည်း သူ့သူငယ်ချင်းတွေဆီ သွားပြောတဲ့အခါ သူ့သူငယ်ချင်းတွေက ဘယ်ယုံမလဲ၊ ယုတ္တိမှ မရှိတာ။ ညာဘက်ခွာနဲ့ ညာနားအုံဆိုတာ အဝေးကြီး၊ အောက်နဲ့ အပေါ်တစ်နေရာစီ မဟုတ်လား။ ဒါကြောင့် လောင်းကြေးထပ်ပြီး မုဆိုးကြီးကိုမေးဘို့ လာကြပြန်ရောလေ။

မုဆိုးကြီးဆီ ရောက်တဲ့အခါ သူတို့ရဲ့ အပြန်အလှန်ပြောစကားတွေ နားထောင်ပြီးမှ မုဆိုးကြီးက ပြောတယ်။ "ဟုတ်တယ် ငါ့တူ တို့ရဲ့.. ဒီတစ်ခါ ဦးသားပြောတာ မှန်တယ်။ ဒီမှာ လာကြည့်ကြလေ။ ဦးက ချေကိုပစ်ဘို့ ဒူးလေးနဲ့ ချိန်နေချိန်မှာ ချေက နားယားလို့ထင်တယ်၊ ဒါကြောင့်နောက်ခွာနဲ့ သူ့နားရွက်ကို ကုပ်နေချိန်မှာ ဦးကခေါင်းကို ပစ်လိုက်တာ နောက်ခွာနဲ့နားအုံကို တစ်ချက်တည်းနဲ့ ဖောက်ဝင်သွားတာ၊ ဒီမှာကြည့်ကြ" ဆိုပြီး ချေသေကိုပြတာပေါ့။

ဒီလိုဘဲသား တစ်ခါတစ်လေ ကိုယ်သိနေ မြင်နေတဲ့ တကယ့်အဖြစ်အပျက် အမှန်တရားကို လူအများစုက လက်မခံနိုင်သေးဘူး..၊ ခိုင်လုံတဲ့ သက်သေပြချက်မရှိရင် မပြောအပ်ဘူးနော်။ အချို့ ကိစ္စတွေက တကယ်မဟုတ်ပေမဲ့ ဖြစ်နိုင်တယ် လက်သင့်ခံနိုင်တယ်ဆိုရင် ပြောပြချင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ လိမ်ညာ လုပ်ကြံပြောဆိုခြင်းတော့ သေသည် အထိမလုပ်ပါနဲ့..."

ဒါတွေဟာ ကျွန်တော့်ကိုအဖေ ဆုံးမခဲ့တဲ့ စကားတွေထဲက မျှဝေလိုက်တာပါ။ ဒီလိုစကားပလ္လင်ခံတာလည်း ဒီနေ့ထပ်တင်မဲ့" ဗုဒ္ဓတရားပွဲနှင့် ကျွန်တော့်အမေ" ဆိုတဲ့ စာတမ်းငယ်ကို ကြိုတင်လမ်းခင်းတာပါ။
အားလုံး ကျန်းမာချမ်းသာ လိုရာ ဆန္ဒပြည့်ဝ ကြပါစေ။

 ဆောင်းပါးရှင်။  ။ သုတ(ရွှေမဟာ)

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~