ထိုင်း မိုဘိုင်းဖုန်းကတ် သုံးစွဲသူများ အားလုံး (၆)လအတွင်း မှတ်ပုံတင်ရမည်ဟု NBTC မှ အသိပေးထား

ထိုင်း မိုဘိုင်းဖုန်းကတ် သုံးစွဲသူများ အားလုံး (၆)လအတွင်း မှတ်ပုံတင်ရမည်ဟု NBTC မှ အသိပေးထား
ဇန်နဝါရီ 29, 2015
By Tachileik News Agency

ထိုင်းနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစတင်၍  True Move, AIS/One2call, Dtac/Happy စသည့် ထိုင်းဆက်သွယ်ရေး Mobile SIM ကဒ်များအား ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထားကာ မှတ်ပုံတင်၍ အသုံးပြုရမည်ဟု ထိုင်းနိုင်ငံ အမျိုးသား တယ်လီဖုန်းဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ကော်မရှင်(NBTC)မှ တာဝန်ရှိသူ  Tha korn Tanthasit မှ ပြောကြောင်းကို ထိုင်းရုပ်သံများ နှင့်အွန်လိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယခုလို ဖုန်းကတ်များကို တရားဝင် အသုံးပြုသူ အမည်ဖြင့် မှတ်ပုံတင်ခိုင်းရခြင်းသည် ထိုင်းနိုင်ငံအတွင်း Mobile ဖုန်းအား အသုံးပြု၍ မသမာသော လုပ်ရပ်များ၊ ဗုံးထောင် ဖေါက်ခွဲခြင်းများအား ကြိုတင်ဟန့်တား နိုင်ရန်အတွက်ဖြစ်သည်ဟု သိရပြီး ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးအတွက် မိုဘိုင်းဖုန်းများအား မှတ်ပုံတင်စေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကတော့ ချမှတ်ပြီးစီးတာကြာပြီဖြစ်သော်လည်း ဥပဒေအား အသက်ဝင်အောင် တိတိကျကျ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် Mobile ဖုန်း အသုံးပြုသူ သန်း(၉၀)ထက် ပိုမိုကျော်လွန်နေကြောင်း၊ ဥပဒေအရ ဖုန်းနံပါတ်အသစ်များနှင့် အသုံးပြုလျက်ရှိသော ဖုန်းနံပါတ်များပါ မှတ်ပုံတင်ခြင်း ပြုလုပ်ရမည်ဖြစ်ပြီး ထိုကိစ္စများအား ဖုန်းဆက်သွယ်ရေးဌာနများမှ လစ်လျှူရှုထားကြောင်း ဖြစ်သည်ဟု ထိုင်းဆက်သွယ်ရေး တာဝန်ရှိသူ Prawit Leesatha Pornwongsa မှပြောသည်။

ထိုင်းနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်မှာ သန်း(၁၁၀)ခန့်ရှိပြီး မိုဘိုင်းဖုန်း မှတ်ပုံတင်ထားခြင်း အဖြစ် (၉၀%)မှာမရှိဘဲ (၁၀%)သာ မှတ်ပုံတင်ထားကြောင်းနှင့် သန်း(၉၀)မှာ လုံးဝ မှတ်ပုံတင်ထားခြင်း မရှိကြောင်း အစီရင်ခံစာများ၏ စစ်တမ်းအရ သိရသည်။

မိုဘိုင်းဖုန်းများအား ထိုင်းနိုင်ငံ ဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ကော်မရှင်မှ မှတ်ပုံတင်ခြင်းများပြုလုပ်နိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအား အချိန်(၆)လပေးထားကြောင်းနှင့် လိုက်နာမှုမရှိပါက မိုဘိုင်းဖုန်းအသုံးပြုသူ မည်သူကိုမဆို ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်းသိရသည်။

မှတ်ပုံတင်ခြင်းအား ဆောင်ရွက်နိုင်ရန် နေရာပေါင်းအမျိုးအစား (၁၂၀၀)ခန့်ဖွင့်လှစ်ထားကြောင်း၊ ခွန်ထိုင်းဘဏ်ခွဲများနှင့် Big C ၊ 7-Eleven ဆိုင်များ၊ Tesco Lotus ကဲ့သို့ စူပါမာကတ်များနှင့် တယ်လီဖုန်း အရောင်းဆိုင်များတွင် မိုဘိုင်းဖုန်း မှတ်ပုံတင်ခြင်းအား ပြုလုပ်နိုင်မည်ဖြစ်ကြောင်း (NBTC) မှ အသိပေးကြေညာထားကြောင်း သိရသည်။

မိုဘိုင်းဖုန်း မှတ်ပုံတင်ခြင်းအား နိုင်ငံသားကဒ်၊ ပတ်(စ)ပို့နှင့် ရွှေ့ပြောင်းလုပ်သားများ အလုပ်သမား မှတ်ပုံတင်များဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသော ကာလအတွင်း မှတ်ပုံတင်ခြင်းအား ပျက်ကွက်ပါက ဖုန်းခေါ်ဆိုခြင်းနှင့် အခြားဝန်ဆောင်မှုများ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း (NBTC)၏ ပြောကြားချက်အရ သိရသည်။

ဖုန်းအသုံးပြုသူမျာအား လွယ်ကူစွာ မှတ်ပုံတင်နိုင်ရန် စီမံဆောင်ရွက်ထားပြီး မှတ်ပုံတင်ခြင်း လုံးဝမပြုလုပ်သော ဖုန်းနံပါတ်များကို ငွေဖြည့်ကဒ် ထပ်မံဖြည့်သွင်းခွင့်ပြုတော့မည် မဟုတ်ကြောင်း (NBTC)မှ အသိပေးထားသည်။

(NBTC)မှ မှတ်ပုံတင်ခြင်းအား လွယ်လင့်တကူ ပြုလုပ်နိုင်စေရန် ဆောင်ရွက်ထားကြောင်းနှင့် SIM ကတ် ရောင်းချသူ အော်ပရေတာများမှ မိုဘိုင်းဖုန်းများ အတွင်း မှတ်ပုံတင်သော Application များအား ဒေါင်းလုပ်ပြုလုပ်၍ SIM ကတ်တွင် ပါဝင်သော Code(ကုဒ်)နံပါတ်များနှင့် ၀ယ်ယူသူ ID ကဒ်၊ ပတ်(စ)ပို့၊ အလုပ်သမားကဒ်များအား မှတ်တမ်းဓါတ်ပုံရိုက်ကူးစေပြီး မှတ်ပုံတင်ပြုလုပ်ရန် သတ်မှတ်ထားသော ဆိုင်ဝန်ထမ်းများမှ (NBTC)ရှိ ကွန်ပျူတာ ဆာဗာမျာသို့ ၎င်း Application အား အသုံးပြု၍ ပို့ဆောင်ပေးရမှာ ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများမှ ဖော်ပြထားချက်အရ သိရသည်။

Ref; manager.co.th
broadcast.nbtc.go.th
tech.thaivisa.com
www.bangkokpost.com

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~