တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု၌ စိတ်ကြွဆေးပြား နှင့် ပစ္စတိုတစ်လက် ဖမ်းဆီးရမိ

တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု၌ စိတ်ကြွဆေးပြား နှင့် ပစ္စတိုတစ်လက် ဖမ်းဆီးရမိ
ဇန်နဝါရီ 30, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က/ခ)ကျေးရွာ အုပ်စုအတွင်း၌ စိတ်ကြွဆေးပြားများနှင့် သေနတ်တစ်လက်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၂)နေပြည်တော်မှ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ၊ နယ်မြေခံတပ်၊ နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၉)ရက် ညပိုင်းက ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ၀မ်ပုံဘက်မှ တာချီလိတ်ဘက်သို့ အိုက်ပန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေ စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၈)ပြားကို ရှာဖွေသိမ်းဆည်းရမိတာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အိုက်ပန်အား ၀မ်ပုံနယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အရေးဆောင်ယူရွက်ထားရှိပြီး ၎င်းအား ဆက်လက်စစ်ကြောရာမှ ထွက်ဆိုလာချက်အရ ယနေ့ ဇန်န၀ါရီလ (၃၀)ရက်နေ့ အကူး (၀၀း၃၀)နာရီအချိန်တွင် အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာရှိ ဘိုဘိုထွန်းနေထိုင်သော အုတ်ဘလောက် စက်ရုံခြံဝင်းသို့ သွားရောက်ပြီး ဘိုဘိုထွန်းအား ဖမ်းဆီးပြီး ဆက်လက်ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၂၂၃)ပြား နှင့် ထိုင်းဘတ်ငွေ (၁၀၃၆၀)ဘတ် အပြင် မိန်းမကိုင် ပစ္စတို သေနတ်တစ်လက်၊ ၎င်းကျည်အိမ် (၁)ခုနှင့်အတူ ကျည်(၆)တောင့်တို့ကို ရှာဖွေသိမ်းဆည်းမိသည့်အတွက် ၀မ်ပုံနယ်မြေရဲစခန်း မယ(ပ)၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း တာချီလိတ် မူးယစ်မှ သတင်းရရှိသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~