တာချီလိတ်လေဆိပ်၌ ခရီးသည် အမျိုးသားတစ်ဦး မူးလဲပြီး သေဆုံး

တာချီလိတ်လေဆိပ်၌ ခရီးသည် အမျိုးသားတစ်ဦး မူးလဲပြီး သေဆုံး
ဇန်နဝါရီ 27, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာချီလိတ်လေဆိပ်တွင် ယနေ့ ဇန်န၀ါရီလ(၂၇)ရက် မွန်းလွဲ(၁)နာရီခန့်က ခရီးသည် အမျိုးသားတစ်ဦးသည် လေဆိပ်အတွင်းမှာပင် ရုတ်တရက် မူးလဲပြီးနောက် အသက်သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ လေဆိပ်အဆောက်အဦ အတွင်း ညီဖြစ်သူ ဦးစိုင်းလှကျော်နှင့် တူဖြစ်သူ စိုင်းမိုးဟန်တို့နှင့် အတူ လေယာဉ်ခရီးစဉ် စောင့်ဆိုင်းနေစဉ် မူးသည်ဟုပြောဆိုကာ လဲကျသွားသဖြင့် လေဆိပ် တာဝန်ရှိသူများမှ ကားဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းနှင့် တာချီလိတ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးနေပြီဖြစ်သော ဦးစိုင်းအိုက်ညွန့်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးသွားကြောင်း သိရှိရသဖြင့် ဆက်လက်၍ ရင်ခွဲရုံတွင် စစ်ဆေးနိုင်ရန် လိုအပ်သည်များကို ဆောင်ရွက်ရန်အတွက် တာချီလိတ်မြို့မ ရဲစခန်း တွင် သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း တာချီလိတ်မြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

ကျောက်မဲမြို့နယ်၊ နားထွမ်ရွာ ဇာတိဖြစ်သူ အသက်(၄၄)နှစ်ရှိ ဦးစိုင်းအိုက်ညွန့်သည် ကျန်းမာရေး မကောင်း၍ ၎င်း၏ ဆွေမျိုးများမှ လာရောက်ခေါ်ဆောင်ပြီး Sunfar လေကြောင်းလိုင်းဖြင့် လားရှိုးလေဆိပ်သို့ သွားရောက်ရန် အတွက် တာချီလိတ်လေဆိပ်တွင် သွားရောက်စောင့်ဆိုင်းစဉ်မှာ မူးလဲပြီး ဦးဏှောက်သွေးကြောပြတ်ကာ သေဆုံးသွားတာဖြစ်ကြောင်း ရင်ခွဲရုံတွင် ဦးခေါင်းအားခွဲစိပ် စစ်ဆေးမှု ပေါ်ပေါက်ချက်အရ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှ ပြောပြသည်။

"အခုလိုဖြစ်သွားတော့ သေဆုံးသူ အပါအ၀င် ခရီးစဉ်မှာ လိုက်ပါမယ့် (၃)ဦးစာအတွက် Sunfar လက်မှတ်အရောင်းဌာနမှာ အမ်းငွေသွားယူပြီး ကာယကံရှင်ထံ လက်ဝယ်အရောက် အပ်နှံပေးခဲ့ပြီး သေဆုံးသူရဲ့ ရုပ်လောင်းကို သူတို့အနေနဲ့ ဒီမှာ နယ်ခံဆွေမျိုးမရှိတာကြောင့် ချက်ချင်းဘဲ အသင်းကနေပြီး မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်.."ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှ ဆက်လက်ပြောပြသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~