တာချီလိတ်၌ လေလွင့်လူများ များပြားလာသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ပူပန်

တာချီလိတ်၌ လေလွင့်လူများ များပြားလာသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ပူပန်
ဇန်နဝါရီ 27, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ဒေသခံပြည်သူများ အေးချမ်း သာယာမှု ရှိစေရေးနှင့် ခိုးဆိုးလုယက်မှု ကင်းစင်ရေးနှင့် ပတ်သက်၍ လေလွင့်လူများအား လျော့ပါးရေးအတွက် အမှန်တကယ်လိုအပ်နေကြောင်း တာချီလိတ်ဒေသခံ ပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

“တာချီလိတ်မှာ တစ်နယ်တစ်ကျေးက လူတွေ မျှော်လင့်ချက်တွေနဲ့ အလုပ်လာလုပ်တာများတယ်၊ထင်သလောက် စီးပွားရေးမဖြစ်တော့ လမ်းဘေးမှာ လေလွင့်နေရတာပေါ့၊ သူတို့ ကျန်းမာရေးမကောင်းရင် ကျွန်တော်တို့ အသင်းက ဆေးရုံတင်ပြီး ကုသပေးတယ် ဆေးရုံဆင်းရင် ကျွန်တော်တို့မှာ ထားစရာ နေရာမရှိဘူး..”ဟု မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

တာချီလိတ်မြို့ပေါ်ရှိ အခမဲ့ ကူညီရေးဖြစ်သည့် လူမှုကူညီရေးအသင်းများ အနေဖြင့် လမ်းဘေးတွင် အကြောင်း အမျိုးမျိုးဖြင့် အားနည်း၍ လည်းကောင်း၊ ကျန်းမာရေးမကောင်း၍ လည်းကောင်း ဆေးရုံသို့ တက်ရောက်ရန် လိုအပ်သော လေလွင့်လူများအား ဆေးဝါးစရိတ်ထောက်ပံ့ခြင်း၊ အာဟာရ ထောက်ပံ့ခြင်းအား ကူညီပေးလျှက်ရှိကြောင်း နှင့် မတော်တဆ ထိုလူများ သေဆုံးခဲ့လျှင်လည်း မီးသင်္ဂြိုဟ်ပေးနေလျက်ရှိရာ လေလွင့်လူများ အနေဖြင့် ဆေးရုံမှ ဆင်းလာလျှင် ပေးနေစရာ နေရာမရှိ၍ ၎င်းတို့ အနေဖြင့် လမ်းဘေးသို့ ပြန်ရောက်သွားပြီး အာဟာရချို့တဲ့ကာ ပြန်မကျန်းမမာဖြစ်လာပြီး လမ်းဘေးတွင် သေဆုံးရသည့် ဖြစ်စဉ်များ များစွာ ဖြစ်ခဲ့သည့်အတွက် လေလွင့်လူများအတွက် နားခိုရာတစ်ခု လိုအပ်နေကြောင်း လူမှုရေးအသင်းများမှ အသင်းဝင်များ၏ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့တွင် သုဿန်အနီးနှင့် လမ်းဘေးတွင် နေထိုင်၍ အလုပ်အကိုင်မရှိသော လေလွင့်လူများ အများအပြားရှိရာ တစ်ချို့မှာဘ၀အား ထင်သလိုမဖြစ်သဖြင့် ဖြစ်သလို ရှင်သန်နေထိုင်သူများနှင့် မူးယစ်ဆေးစွဲသူများ၊ စိတ္တဇဝေဒနာသည်များ၊ တောင်းရမ်းစားသောက်သူများနှင့် စွန့်ပစ်ပစ္စည်းကောက်ယူ ရောင်းချ၍ အသက်မွေးသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်က ကျောင်းဆရာပါ၊ တာချီလိတ်မှာ အလုပ်အကိုင် ကောင်းတယ်ဆိုလို့ တက်လာတာ ထင်သလောက် မဖြစ်ပါဘူး၊ ဒီရောက်တော့ အလုပ်လုပ်ရင်း အဆင်မပြေတာများလာတယ်၊ အိမ်က ပါလာတာလဲကုန် စီးပွားလဲပျက်၊ ပြန်စရာ စရိတ်လဲမရှိဘူး ပြန်စရာနေရာလဲမရှိလို့ အဆင်ပြေသလို နေရတာပါ”ဟု လေလွင့်လူ တစ်ဦးမှပြောသည်။

"လမ်းဘေးမှာ လျှောက်သွားနေတဲ့ အသက်(၁၀)နှစ်ဝန်းကျင် ကလေးလေးတွေကို တွေ့တော့ သနားလို့ သူတို့ကို ပရဟိတဂေဟာတစ်ခုခုမှာ ပို့ပေးဖို့ စည်းရုံးဖူးတယ်၊ မအောင်မြင်ပါဘူး၊ သူတို့က လမ်းပေါ်လျှောက်သွားပြီး လစ်ရင် လစ်သလို ခိုးတတ်၊ ယူတတ်တဲ့ အကျင့်က ရှိနေသလို ငွေကို စည်းကမ်းမဲ့ သုံးလို့ရနေတော့ ဒီဘ၀မှာ သာယာနေပြီး မူးယစ်ဆေးဝါးတွေက အစလုပ်နေတာတွေ တွေ့ရတော့ ကျောင်းနေရွယ် ကလေးတွေအတွက်လည်း စိုးရိမ်ရတယ်လေ.."ဟု ဒေသခံဖြစ်သူ ဒေါ်သီတာက ပြောသည်။

တာချီလိတ်တွင် ကလေးသူငယ်များနှင့် လေလွင့်လူ မိန်းမ၊ ယောက်ျားအချို့သည် စွန့်ပစ် ပစ္စည်းကောက်ယူ၍ ပြန်လည်ရောင်းချကာ နေထိုင်ပြီး ရရှိသည့် ငွေကြေးများအား မူးယစ်ဆေးဝါးသုံးစွဲကြသည်ဟု သိရသည်။

“ကျွန်မ အိမ်ရှေ့မှာ လှန်းထားတဲ့ အ၀တ်တွေ ခဏခဏပျောက်တယ်၊ ကီလိုလိုက်ကောက်တဲ့ လူတွေ ယူသွားတာများတယ်၊ ပစ္စည်းက တန်ဖိုးမကြီးတော့ ရဲမတိုင်ဖြစ်ဘူး။ သူတို့ အရိပ်အယောင် မြင်ရင် သတိထားကြည့်လိုက်တယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးမှပြောသည်။

"လမ်းဘေးမှာ သွားလာနေပြီး လမ်းဘေးမှာဘဲ အိပ်ကြတဲ့ လေလွင့်လူတွေထဲမှာ  အမျိုးသမီးတွေလည်း ပါတယ်၊ လမ်းဘေးအိပ်တဲ့ စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ဦးကို အရက်မူးသမားတွေက မတော်မတရား ပြုကျင့်တာမျိုးတွေ ကြားဖူးနေကြဆိုတော့၊ အဲ့လို အမျိုးသမီးတွေအတွက် တစ်ခုခုဖြစ်သွားရင် မကောင်းဘူး၊ စွမ်းဆောင်နိုင်ကြတဲ့ သူတွေအနေနဲ့ လေလွင့်လူတွေအတွက် နေရာလေးတစ်ခုလောက် သတ်မှတ်ပေးနိုင်ကြမယ်ဆိုရင် ကောင်းမယ်လို့ မြင်မိပါတယ်၊ သူတို့အတွက် လိုအပ်ရင်လည်း တာချီလိတ်က စေတနာရှင်တွေအနေနဲ့လည်း ပါဝင် လှူဒါန်းလောက်မှာပါ.."ဟု စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်တွင် စီးပွားရေးကောင်းမွန်မည်ဟု ထင်မှတ်ပြီး မျှော်လင့်ချက်များဖြင့် မြန်မာနိုင်ငံ ပြည်မ တွင်းမှ လာရောက် အလုပ် လာလုပ်သော်လည်း စီးပွားရေး အဆင်မပြေမှုနှင့် မူးယစ်ဆေးဝါးစွဲသွား ခြင်းကြောင့် နေရပ် မပြန်နိုင်သောသူများသည် လေလွင့်သူများအဖြစ် တာချီလိတ်မြို့ အနှံ့တွင် ရှိနေကြောင်းနှင့် ဒုစရိုက်မှုများ ပြုလုပ်နိုင်ခြင်းကြောင့် မြို့ခံများမှလည် စိုးရိမ်မကင်းမှုများရှိကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~