ကျိုင်းတုံ၌ လယ်သမားတစ်ဦး ရေသွယ်တန်းရာမှ ရေကန်ပေါက်ထွက်လာသည့်အတွက် ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့

ကျိုင်းတုံ၌ လယ်သမားတစ်ဦး ရေသွယ်တန်းရာမှ ရေကန်ပေါက်ထွက်လာသည့်အတွက် ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့
ဒီဇင်ဘာ 8, 2014
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသဖြစ်သည့် ကျိုင်းတုံမြို့၊ ထပ်တင်္ကာ နှင့် ခွေးတမော့ကြားတွင် ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၈)ရက် နေ့လယ် (၂း၃၀)နာရီအချိန် ၀န်းကျင်က ရေကန်ဖြစ်နေသော ရထားလမ်း တာဘောင်တစ်ခုမှ ရေများ စိမ့်ထွက်လာပြီး လယ်ကွင်းများ နှင့် လမ်းတစ်ချို့ပေါ်သို့ ရေများ ပြန့်ဝင်သွားမှုကြောင့် အနီးအနားရှိ ပြည်သူများ အထိတ်တလန့်ဖြစ်စေခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်၍ ကျိုင်းတုံ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေထံ ဆက်သွယ် မေးမြန်းရာ "နေ့လယ် (၂)နာရီခွဲလောက်က စဖြစ်တာပေါ့၊ လားဟူတိုင်းရင်းသား လယ်သမား ဦးကျလောက လယ်စိုက်ဖို့အတွက် ရေကန်ကို သွားသွယ်တဲ့ အချိန်မှာ ရေကန်ကို ပိုက်နဲ့သွယ်ရတာ ဆိုတော့ အဲ့ဒီအချိန်မှာပဲ ရေက တဖြည်းဖြည်း စိမ့်ထွက်လာပြီး ဖိအားများလာတော့ ရေကန်က ပေါက်ထွက်သွားတာပေါ့။ ရေကန်က ပေါက်ထွက်သွားတော့ လမ်းပေါ်ကို ရေတွေရောက်ကုန်တယ်၊ ရထားလမ်းကြောင်း အတွက် မြေဖို့ပြီး တာဘောင်လေး ထိုးလိုက်တော့ လျှိုထဲက ရေတွေက အောက်ကို မဆင်းတော့ဘဲ အခုလို ရေကန်ကြီး ဖြစ်သွားရာကနေ အခု အဲ့ဒီရေကန်ကြီး ပွင့်ထွက်သွားတာပေါ့၊ အခုတော့ ဘာမှ မဖြစ်တော့ပါဘူး.."ဟု ဖြေကြားလာသည်။

ထိုသို့ ဖြစ်ပွားလာမှုနှင့် ပတ်သက်၍ "လူတွေထိခိုက်တာတော့ ဘာမှမကြားမိဘူး၊ ရေစီးကတော့ တအားသန်တယ်၊ ကျွန်တော်တို့နေတဲ့ မြို့သစ်ထိတော့ မရောက်သေးဘူး၊ လူတွေလည်း စောင့်ကြည့်နေကြတယ်"ဟု ကျိုင်းတုံဒေသခံ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ထိုသို့ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ထိခိုက်မှုရှိမရှိ မေးမြန်းရာ"ရေတွေကတော့ လယ်ကွင်းထဲ အကုန်လုံး ပြန့်ဝင်သွားတယ်၊ ကျန်တဲ့ ရေကလည်း ကျိုင်းလပ်ချောင်းထဲ စီးသွားတဲ့အတွက် ရေကန်ထဲက ရေတွေ ကုန်သွားပါပြီ၊ စိုးရိမ်စရာမရှိတော့ပါဘူး..။ အဲ့ဒီအတွက် အခု ဘာမှမဖြစ်တော့ပါဘူး.."ဟု  ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ထပ်မံဖြေကြားသည်။

ထိုသို့ဖြစ်ပွားသည့်နေရာသို့ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ပါက ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ကျိုင်းတုံ၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် သက်ဆိုင်ရာများအဖွဲ့များက သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ရာ လက်ရှိအခြေအနေမှာ အဆိုပါ ကန်ထဲတွင် ရေများ ကုန်သွားပြီဖြစ်သည့်အတွက် စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။

ယခုဖြစ်ပွားသော ရေကန်သည် ရထားလမ်းဖောက်လုပ်စဉ်က မြေများဖို့လိုက်ရာမှ တာဘောင် သဖွယ်ဖြစ်သွားခဲ့ပြီးနောက် တောင်ကျရေများ၊ မိုးရေများ နှင့် လျှိုများမှ စီးဆင်းလာသော ရေများမှာ အောက်သို့ အလွယ်တကူ စီးဆင်းခြင်းမရှိတော့ဘဲ ရေများစုဝင်နေရာမှာ ရေကန်သဖွယ်ဖြစ်သွားခဲ့ပြီး ယခုအခါမှာ ရေယိုမှုနှင့်ဖိအားများကြောင့် ရေကန်မှာ ပေါက်ထွက်သွားတာဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~