ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့မှ ဝှေလေလန် ကျေးရွာသို့ သွားရောက်၍ ကျန်းမာရေး အသိပညာပေး

ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့မှ ဝှေလေလန် ကျေးရွာသို့ သွားရောက်၍ ကျန်းမာရေး အသိပညာပေး
နိုဝင်ဘာ 22, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး အသိပညာပေး အနေဖြင့် တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ ဆောင်ရွက်နေလျှက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းက  ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ အမှုဆောင်အဖွဲ့ဝင်များက တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာသို့ သွားရောက်၍ ကျန်းမာရေး အသိပညာပေးမှုများနှင့် ထောက်ပံ့မှုများ စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။

( မသန်စွမ်း ကလေးငယ်အား ထောက်ပံ့နေစဉ် )

တာချီလိတ်ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့ ပါဝင်သည့် ခရိုင်/မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ကျန်းမာရေး အဖွဲ့ဝင်များသည် ကျန်းမာရေး အသိပညာပေးနှင့် ထောက်ပံ့မှုများပြုလုပ်ရာသို့ ဝှေလေလန်ကျေးရွာအတွင်းရှိ အာခါ/ရှမ်း စသည့် တိုင်းရင်းသူများမှ တက်ရောက်၍ စိတ်ဝင်တစား လေ့လာခဲ့ကြသည်။

ကျန်းမာရေးအဖွဲ့မှ တက်ရောက်လာသည့် တိုင်းရင်းသူများအား သားအိမ်ကင်ဆာနှင့် ရင်သားကင်ဆာ သိကောင်းစရာများ၊ တီဘီ/ငှက်ဖျားနှင့် အနာကြီးရောဂါဆိုင်ရာ သိကောင်းစရာများ စသည်တို့ကို ကျန်းမာရေး အသိပညာပေးအဖြစ် အသေးစိတ် ဟောပြောခဲ့ကြသည်။

ယင်းနောက် တာချီလိတ်ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်တို့က ဝှေလေလန်ကျေးရွာအတွင်းမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်သစ်များအား အသင်းတံဆိပ် ရင်ထိုးများ နှင့် အသင်းဝင်အဆိုပြုလွှာများ ပေးအပ်ကာ လက်ကမ်းစာရွက်များအား ပေးဝေခဲ့ကြသည်။

ဆက်လက်၍ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့သည် ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်သည် မိခင်များအား ကျန်းမာရေး အထောက်အပံ့အဖြစ် ဆေးဝါးများနှင့် အာဟာရများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီးနောက် တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စားစရာများကို ပေးဝေခဲ့ကြသည်။

အဆိုပါအဖွဲ့တို့သည် သက်ကြီးရွယ်အိုများအား ထောက်ပံ့မှု အနေဖြင့် ဝှေလေလန်ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အို ရှမ်းတိုင်းရင်းသူ အဖွားအို နှစ်ဦးအား စားစရာများနှင့် ထောက်ပံ့ငွေများနှင့်အတူ ကန်တော့ခဲ့ကြပြီးနောက် ကျေးရွာအတွင်း၌ မွေးစမှ ယနေ့ အချိန် အသက်(၁၂)နှစ်ထိ မသန်စွမ်းဘဲ အိပ်ယာထဲတွင်သာ အမြဲနေနေရသည့် ကလေးငယ် တစ်ဦးအား ထောက်ပံ့ငွေများဖြစ် ကူညီခဲ့ကြသည်။

ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့သည် သက်ဆိုင်ရာ မြို့နယ်အတွင်း ကျေးလက်တောရွာများရှိ တိုင်းရင်းသားများအား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အသိပညာပေးမှုများအဖြစ် ဟောပြောမှုများကို ပြုလုပ်လေ့ရှိပြီး လိုအပ်သည့် ထောက်ပံ့မှုများ ပေးအပ် လှူဒါန်းလေ့ရှိကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့မှ ဝှေလေလန်သို့

50 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~