ပြည်နယ် ဘ/က ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တာချီလိတ်၌ ကျင်းပ

ပြည်နယ် ဘ/က ကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တာချီလိတ်၌ ကျင်းပ
နိုဝင်ဘာ 22, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ပြည်နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ ပညာရေးမြှင့်တင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နိုဝင်ဘာလ (၂၂)ရက်၊ မွန်းလွဲ (၁)နာရီအချိန်က အောင်မင်္ဂလာတောရကျောင်း၊ ဓမ္မာရုံ ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အစီအစဉ်အရ မြို့နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အောင်မင်္ဂလာတောရဘုန်းတော်ကြီးသင် ပညာရေးကျောင်းအုပ်ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ က အဖွင့်သြ၀ါဒကထာမြွက်ကြားပြီး၊ ပြည်နယ်ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒ န္တက္ကုန္ဒောဘာသ က ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု လုပ်ငန်းစဉ်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား လျှောက်ထားတင်ပြသည်။

ထို့နောက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ အနေဖြင့် လူမှုစီးပွားရေး အခြေအနေ အမျိုးမျိုးနှင့် ဝေးလံခေါင်သီပြီးကျောင်းသင် ပညာရေး လက်လှမ်း မမီနိုင်သော ကျောင်းနေအရွယ်ကလေးများ အားလုံး အခြေခံပညာ တတ်မြောက်၍ ကိုယ်ကျင့်တရား ကောင်းမွန်သော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ် ဖွင့်လှစ် သင်ကြားစေခဲ့ခြင်းဖြစ်သည်ကို လေ့လာသိရှိရကြောင်း၊ မူဝါဒ(၅)ချက် ချမှတ်ကာ ဖွင့်လှစ်သင်ကြားစေခြင်းလည်းဖြစ်ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး အစဉ်တိုးတက်မြင့်မားစေရန် ဆရာ၊ ဒကာ ညီညာစွာဖြင့် ၀ိုင်းဝန်းဆောင်ရွက် မည်ဖြစ်ပါကြောင်းနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးစိုးတင့် က ပညာရေးဆိုင်ရာများနှင့် စပ်လျဉ်းပြီး ရှင်းလင်းလျှောက်ထား တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကျိုင်းတုံမြို့ တင်ထပ်ကျောင်းတိုက်ဆရာတော် ၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး တာချီလိတ်မြို့နယ် ကျောက်လိုဏ်ဂူကျောင်းတိုက်ဆရာတော်၊ နောင်ခမ်းကျောင်းတိုက် ဆရာတော်၊ ရွှေတောင်တန်းပရဟိတ ကျောင်းတိုက် ဆရာတော်နှင့် ကြွရောက်တော်မူလာသည့် ဆရာတော်အရှင်သူမြတ်များက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၅)ကျောင်းအတွက် လိုအပ်မည့် ကျောင်းသုံး စာရေးကိရိယာများ၊ ပရိဘောဂများ၊ သင်ကြားမှုစနစ်ကျစေရန် ဆရာ၊ ဆရာမများ၊ရုံးလုပ်ငန်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကျောင်းစာကြည့်တိုက်များ နှင့်စာမေးပွဲဖြေဆိုရန် နည်းလမ်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးကြရာ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်မြို့နယ် ပညာရေးမှူး ပညာရေးဌာနမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း လျှောက်ထားတင်ပြကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၄၇၅)ယောက်၊ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင် (၆၅၂)ယောက် ပညာသင်ကြားပေးနိုင်ခဲ့ပြီး၊ ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် (၁၁၁၇)ယောက် ပညာသင်ကြားပေးလျက် ရှိကြောင်းနှင့် စေတနာရှင် အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့အစည်းများ အနေဖြင့် ထောက်ပံ့ကူညီလိုပါက ပြည်နယ်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ ဖုန်း - ၀၉ ၄၉၀၃၁၁၄၅၊ အတွင်းရေးမှူး ဆရာတော် ဖုန်း-၀၉၄၉၃၄၅၅၃၈ နှင့် သက်ဆိုင်ရာမြို့နယ်များရှိ ကျောင်းများတွင် ထောက်ပံ့ လှူဒါန်းပေးနိုင်ကြောင်း သိရှိရသည်။

သတင်း ။  ။ ဝေယံလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~