အလင်းရောင် ပရဟိတအသင်းမှ ကလေးအထူးတရားပွဲ ကျင်းပပြုလုပ်ရာ ကလေးသူငယ် ၁၀၀၀ ကျော် လာရောက် တရားနာ

အလင်းရောင် ပရဟိတအသင်းမှ ကလေးအထူးတရားပွဲ ကျင်းပပြုလုပ်ရာ ကလေးသူငယ် ၁၀၀၀ ကျော် လာရောက် တရားနာ
နိုဝင်ဘာ 23, 2014
By Tachileik News Agency

တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ နိုဝင်ဘာလ(၇)ရက်နေ့ကစပြီး နိုဝင်ဘာလ (၂၄)ရက်နေ့အထိ (၁၈)ညတိုင်တိုင် ကျင်းပလျှက်ရှိသော တရားပွဲတွင် မူလတန်းအဆင့်ရှိ ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာစေရန်နှင့် ဘာသာတရား ရိုသေကိုင်းရှိုင်းစေရန် အတွက် ယနေ့ နိုဝင်ဘာလ(၂၃)ရက် နံနက်(၈)နာရီအချိန်က ကလေးအထူးတရားပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြရာ တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် တာချီလိတ်မြို့ရှိ ဓမ္မစကူးလ်ကျောင်းတော်များမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀၀)ကျော် လာရောက်၍ တရားတော်နာယူခဲ့ကြသည်။

 အဆိုပါ ကလေးအထူးတရားပွဲတွင်  ပြီးခဲ့သည့် နိုဝင်ဘာလ(၁၉)ရက် တရားတော်ဟောကြားတော်မူခဲ့သည့် ဓမ္မစရိယ၊ ၀ိနယ၀ိဒူ ဆရာတော် ဘဒ္ဒန္တ ဓမ္မိဿရမှ တရားတော်ချီးမြှင့်ရာ တာချီလိတ်မြို့ပေါ်ရှိ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်) အ.လ.က(ပုန်းထွန်) မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များနှင့် တာချီလိတ်မြို့ရှိ ဓမ္မစကူးလ်ကျောင်းတော်များထဲမှ ဓမ္မစကူးလ်ကျောင်းတော်(နောင်ခမ်းအောင်ဆုပန်)၊  ဓမ္မစကူးလ်ကျောင်းတော်(ပါလျှံဘုရားကြီးကျောင်း)၊ ဓမ္မစကူးလ်ကျောင်းတော်(၀မ်မိုင်)၊ ဓမ္မစကူးလ်ကျောင်းတော်(အလိုတော်ပြည့်) နှင့် ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) စသည်တို့မှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ စုစုပေါင်း (၁၀၀၀)ကျော် လာရောက်၍ တရားတော်နာယူခဲ့ကြသည်။

အလင်းရောင်ပရဟိတအသင်း ဥက္ကဌ ဦးမြင့်ဦးက "ကျွန်တော်တို့ အလင်းရောင် ပရဟိတအသင်းက တရားပွဲ ကျင်းပလာတာ ဒီတစ်ကြိမ်နဲ့ပါဆိုရင် ပဉ္စမအကြိမ်ရှိပါပြီ၊ အလင်းရောင်ပရဟိတအသင်းအနေနဲ့ လစဉ် လပြည့်၊ လကွယ်နေ့တိုင်းမှာ ဘုံဆွမ်းလောင်းပါတယ်၊ တာချီလိတ်မြို့မှာ ရှိတဲ့ ဆရာတော်၊ သံဃာတော် (၇၀၀)ကျော်တို့ကို ပင့်ဖိတ်ပြီးတော့  ဆွမ်းလောင်းပါတယ်၊ ကျွန်တော်တို့ အသင်းရဲ့ ဆွမ်းလောင်းတဲ့ အကြိမ် အရေအတွက်ဟာဆိုရင် ဒီနေ့အထိ (၆၆)ကြိမ်ရှိသွားပါပြီ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

တရားပွဲသို့ လာရောက်၍ အစားအစာများ လှူဒါန်းသည့် ဒေါ်ပီမွေ(ခွန်ကြယ်ရောင်းဝယ်ရေး ကုမ္ပဏီ)က "ကလေးတွေ တရားနာနေတဲ့အချိန်မှာ ဗိုက်ဆာနေမှာစိုးလို့ ကျွန်မတို့ မိသားစုက ကိတ်မုန့်နဲ့ ပဲနို့ရည် လာလှူပေးဖြစ်ပါတယ်၊ ကလေးအတွက် တရားပွဲ ကျင်းပပေးတာ ကောင်းပါတယ်၊ ကလေးတွေအတွက် ရှေ့ဆက်ပြီးတော့လည်း တရားပွဲတွေ ရှိသင့်ပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

အလင်းရောင်ပရဟိတအသင်းမှ တရားပွဲများကို ကျင်းပပြုလုပ်လာခဲ့သည်မှာ (၅)ကြိမ်ရှိပြီဖြစ်ပြီး ယခုလို ကလေးတရားပွဲအား ကျင်းပပြုလုပ်ခဲ့သည်မှာ (၃)ကြိမ်တိတိရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ
ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~